ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ အခမ်းအနားပြင်ဆင် ဆောင်ရွက် ထားရှိမှုများကို လိုက်လံကြည့်ရှု စစ်ဆေး
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာ အခမ်းအနားများ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ညနေပိုင်းတွင် ဒုတိယဝန်ကြီးများ၊ ဆပ်ကော်မတီများမှ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်အတူ အခမ်းအနား ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် သရုပ်ပြမော်တော်ယာဉ်များ ပြုလုပ်ရေး ဆပ်ကော်မတီမှ စစ်ကြောင်းအလိုက် မော်တော်ယာဉ်များ တည်ဆောက်နေမှုနှင့်ပြင်ဆင်ဆောင်ရွက်ထားရှိသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဥပ္ပါတသန္တိစေတီတော်တပေါင်းကွင်းသို့ သွားရောက်၍ သာသနာ့အလံတိုင်များ စိုက်ထူထားရှိမှု၊ ရောင်စုံမီးများ သွယ်တန်းဆောင်ရွက်ထားရှိမှု၊ နေ့ဆွမ်းဆက်ကပ်ပွဲ အခမ်းအနားကျင်းပမည့်နေရာ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဓမ္မသဘင်အခမ်းအနား၊ စာတမ်းဖတ်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီး များအမှူးပြုသည့် ပင့်သံဃာတော်များ သီတင်းသုံးမည့် ကျောင်းဆောင်များအတွင်း ပြင်ဆင်ဆောင်ရွက် ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ဥပ္ပါတသန္တိစေတီတော် ရင်ပြင်တော်၌ အလံတိုင်များ စိုက်ထူရန် ပြင်ဆင်ထားရှိမှုနှင့် ဆီမီးတိုင်များ စိုက်ထူရန် ပြင်ဆင်ထားရှိမှု၊ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအတွက် မဏ္ဍပ်များ ဆောက်လုပ်ထားရှိမှု၊ ရေအလုံအလောက်ရရှိရေး ပြင်ဆင်ထားရှိမှုနှင့် ဖျော်ဖြေရေးမဏ္ဍပ် ဆောက်လုပ်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အခမ်းအနားတွင် ပါဝင်ဆောင်ရွက်မည့် ပညာရေး ဝန်ကြီးဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အတွက် အိပ်ဆောင်များ ပြင်ဆင်ထားရှိမှု၊ ထမင်းစားဆောင်နှင့် ဆေးခန်းနေရာ ပြင်ဆင်ထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ပြင်ဆင်ဆောင်ရွက် ထားရှိမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်စီစဉ် ဆောင်ရွက်ထားရှိနိုင်ရေးနှင့် ဆပ်ကော်မတီများ အချင်းချင်း ညှိနှိုင်းဆောင်ရွက်နိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။