ဗန်းမော်ကျောင်းတိုက်တွင် ပြန်လည်ရောက်ရှိ သီတင်းသုံးတော်မူနေသည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက် ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ သွားရောက်ဖူးမြော်
မန္တလေး မေ ၁
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက် ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသသည် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးရှိ မန်းတောင်ရိပ် အထွေထွေရောဂါ ကုသဆောင်တွင် ကျန်းမာရေး စောင့်ရှောက်မှုများ ခံယူ သီတင်းသုံးတော်မူပြီး ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာ၍ မူလ သီတင်းသုံးတော်မူရာ ဗန်းမော်ကျောင်းတိုက်သို့ ပြန်လည်ရောက်ရှိ သီတင်းသုံးတော်မူရင်း ကျန်းမာရေး စောင့်ရှောက်မှုများကို ဆက်လက် ခံယူလျက်ရှိသည်။
ဗန်းမော်ကျောင်းတိုက်ရှိ ဝိဇ္ဇာစရဏကျောင်းတော်တွင် သီတင်းသုံးတော်မူနေသည့် ဆရာတော်ကြီးအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့် တာဝန်ရှိသူများက ယနေ့ညနေပိုင်းတွင် သွားရောက်ဖူးမြော်ကာ ကျန်းမာရေး အခြေအနေများနှင့် စပ်လျဉ်း၍ မေးမြန်းလျှောက်ထားပြီး ဆရာတော်ကြီးထံမှ သြဝါဒခံယူကြသည်။
ဆရာတော်ကြီး၏ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားလိုအပ်သည်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အချိန်နှင့် တစ်ပြေးညီ အလေးထား ဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိပြီး တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်၊ မန္တလေးအထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာသက်အောင်နှင့် အထူးကုဆရာဝန်ကြီးများက အနီးကပ်ကြီးကြပ်၍ ကျန်းမာရေး စောင့်ရှောက်မှုများကို ဂရုတစိုက် ဆောင်ရွက်ပေးနေကြောင်း၊ ဆရာတော်ကြီး၏ ကျန်းမာရေး အခြေအနေမှာ တိုးတက်ကောင်းမွန်လျက်ရှိသော်လည်း ဆရာတော်ကြီး၏ ကျန်းမာရေးကို စောင့်ရှောက်သောအားဖြင့် ဝင်ရောက်ဖူးမြော်ခြင်း လုံးဝ(လုံးဝ)မပြုကြပါရန် အနူးအညွတ် မေတ္တာရပ်ခံ ပန်ကြားထားကြောင်း သတင်း ရရှိသည်။