ညောင်ဦးခရိုင်အတွင်းရှိ စိုက်ပျိုးရေး မွေးမြူရေး မြစ်ရေတင် လုပ်ငန်းများကြည့်ရှု

ညောင်ဦးခရိုင်အတွင်းရှိ စိုက်ပျိုးရေး မွေးမြူရေး မြစ်ရေတင် လုပ်ငန်းများကြည့်ရှု

    မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည်  ဧပြီ ၃၀ ရက်က တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ကျောက်ပန်းတောင်းမြို့နယ် ကိုင်းကျေးရွာတောင်သူ ၁၃ ဦး၏ ၂၂ ဧက နွေစပါးစိုက်ခင်းနှင့် မြေသြဇာကြဲပက်ပွဲ ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနညွှန်ကြားရေးမှူး  ဦးတိုးမင်းက နွေစပါးစိုက်ပျိုးရှင်သန်မှု၊ စိုက်ပျိုးရေပေးဝေမှုနှင့်   ဆီထွက်သီးနှံစိုက်ဧကနှင့် သွင်းအားစုများဖြန့်ဝေမှု၊  ညောင်ဦးခရိုင်အတွင်း လျာထားစိုက်ဧကနှင့် စိုက်ပျိုးပြီးစီးမှုတို့ကို တင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အထွက်နှုန်း တိုးတက်စေရေး၊ မျိုး၊ မြေ၊ ရေနည်းဖြင့် စနစ်တကျစိုက်ပျိုးရေးတို့ကို မှာကြားပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ နွေစပါးစိုက်ခင်းအတွင်း မြေသြဇာ ကြဲပက်နေမှုကိုကြည့်ရှု အားပေးသည်။

ထို့ပြင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များသည် ဧပြီ ၂၉ ရက်က ညောင်ဦးမြို့နယ် လက်ဝဲကျေးရွာရှိ ဘောလုံးကျွန်းချောင်း မြေအောက်တမံ လုပ်ငန်းခွင်၌ ဆောင်ရွက်ပြီးစီးမှုနှင့် မြေအောက်ရေရရှိမှု အခြေအနေကို လည်းကောင်း၊ သန့်စင်ကြယ်ကျေးရွာ အနီးရှိ ကြက်မွေးမြူရေး သုတေသနနှင့် မျိုးပွားခြံတွင် ဒေသကြက်မျိုးရင်းများ ထိန်းသိမ်းထုတ်လုပ် ဖြန့်ဖြူးမှုနှင့် မေထုန်မဲ့ သားစပ်ခြင်းနှင့် သုတေသနလုပ်ငန်းများကို  လည်းကောင်း၊ လောကနန္ဒာမြစ်ရေတင် လုပ်ငန်း၊ ငါ့သရောက်မြစ်ရေတင် လုပ်ငန်း၊သူကောင်းတည် မြစ်ရေတင် လုပ်ငန်းနှင့် စိုက်ပျိုးရေပေးဝေနေမှုများကို လည်းကောင်း ကြည့်ရှုကြကြောင်း သိရသည်။