(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်္ဂလာကန်တော်တွင် ဇီဝိတဒါန ဘေးမဲ့လွှတ်ပွဲနှင့် နေပြည်တော် ပြည်သူ့ဆေးရုံ ခုတင်-၁၀၀၀ တွင် သွေးလှူဒါန်းပွဲအခမ်းအနားတို့အား မေ ၁ ရက် နံနက်ပိုင်းတွင်ကျင်းပသည်။
ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော် မင်္ဂလာကန်တော်တွင် ငါးအကောင်ရေ ၂၀၀၀ ကျော်နှင့် ငှက်အကောင်ရေ ၃၀၀ ကျော်တို့အား မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက ဘေးမဲ့လွှတ်ပေးကြသည်။
ထို့နောက်သန္ဓေ အရန်မီးသတ်တပ်ဖွဲ့ဝင် အင်အား ၅၀ ဦးတို့က နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင်-၁၀၀၀ တွင် သွေးလှူဒါန်းကြသည်။
ထို့ပြင် မေ ၂ ရက်တွင်လည်း နေပြည်တော် နဂါးတစ်ထောင် စမတောင်စေတီတော်ရှိ သာသနိကဆိုင်ရာနယ်မြေ
အတွင်း ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရေးအတွက် ဘုရားရေသပ္ပာယ်ခြင်း၊ ချုံနွယ်ပိတ်ပေါင်းများစွာ ရှင်းလင်းခြင်း စသည်တို့ကို သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မင်းလွင်