တောင်ကြီးလူရည်ချွန် အပန်းဖြေစခန်းမှ ဒသမတန်းလူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ပင်းတယမြို့ရှိ ရွှေဥမင်ဘုရားသို့သွားရောက်ဖူးမြော်
တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင် ဦးဆောင်သော ဒသမတန်းလူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် ကြီးကြပ်ဆရာ၊ ဆရာမများ၊ လူရည်ချွန်ကြီးများ လိုက်ပါလျက် ယနေ့ နံနက် ၇ နာရီတွင် အဆိုပါစခန်းမှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ရှိ ရွှေဥမင်သဘာဝလိုဏ်ဂူဘုရားသို့ သွားရောက်ဖူးမြော်ကြသည်။
လူရည်ချွန်မောင်မယ်များသည် နံနက် ၉ နာရီခွဲတွင် ပင်းတယမြို့ရှိ သဘာဝလိုဏ်ဂူဘုရားသို့ ရောက်ရှိရာ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ပင်းတယမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံဓနုတိုင်းရင်းသားများနှင့် ရွှေဥမင် ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူများက အလံငယ်များဝှေ့ယမ်း၍လည်းကောင်း၊ ဓနုအိုးစည်၊ ရှမ်းအိုးစည်များတီးမှုတ်၍ လည်းကောင်း ရင်းရင်းနှီးနှီး ကြိုဆိုကြသည်။
ဦးစွာ လူရည်ချွန်မောင်မယ်များသည် ရွှေဥမင်သဘာဝလိုဏ်ဂူဘုရားအား ပန်း၊ ရေချမ်း၊ ဆီမီးနှင့်ရွှေသင်္ကန်းများ ကပ်လှူပူဇော်၍ ဖူးမြော်ကန်တော့ကြသည်။
ထို့နောက် ရွှေဥမင်ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လူရည်ချွန်မောင်မယ်များကို အုပ်စုခွဲ၍ ရွှေဥမင်သဘာဝလိုဏ်ဂူအတွင်းရှိ ရှေးဟောင်းစေတီများ၊ ဗုဒ္ဓရုပ်ပွားတော်များ၊ အထင်ကရသမိုင်းဝင်နေရာများ၊ သဘာဝအလျောက် ဖြစ်ပေါ်နေသည့် ကျောက်စက်ပန်းဆွဲများ၊ ကျောက်တိုင်၊ ကျောက်စည်၊ ကျောက်မောင်းများ၊ ရေကန်များကို အသေးစိတ်လိုက်လံရှင်းလင်းပြသရာ စိတ်ပါဝင်စားစွာလေ့လာ မှတ်သားကြသည်။
ထို့နောက် လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်ဆရာ၊ ဆရာမများသည် ဘုရားစောင်းတန်းရှိ တိုင်းရင်းသားရိုးရာအဝတ်အထည်နှင့် လက်ဆောင်ပစ္စည်း အရောင်းဆိုင်များသို့ သွားရောက်လေ့လာ ကြည့်ရှုဝယ်ယူကြပြီး ရွှေဥမင်သဘာဝလိုဏ်ဂူ ဘုရားအဝင်မုခ်ဦးနှင့် တပေါင်းကွင်းရှိ သက်တမ်းရင့်ညောင်ပင်ကြီး၌ အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံများကို ပျော်ရွှင် စွာရိုက်ကူးကြသည်။
ယင်းနောက် လူရည်ချွန်အဖွဲ့များသည် ပင်းတယမြို့ အခြေခံပညာအထက်တန်းကျောင်း(ကြိုသက်)ရှိ ပညာရောင်ခြည်ခန်းမသို့ ရောက်ရှိပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသစီမံအုပ်ချုပ်ရေး အဖွဲ့မှ တည်ခင်း ဧည့်ခံသည့်ဂုဏ်ပြုနေ့လယ်စာကို သုံးဆောင်ကြသည်။
အဆိုပါ ဂုဏ်ပြုနေ့လယ်စာစားပွဲတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၃) ဦးကျော်ကျော်ဦးက ပင်းတယမြို့သမိုင်းကြောင်း သိကောင်းစရာများနှင့် ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ဧည့်သည်တော်များ၊ လူရည်ချွန်မောင်မယ်များနှင့် အတူတကွဂုဏ်ပြုနေ့လယ်စာကို သုံးဆောင်ကြသည်။
နေ့လယ်စာသုံးဆောင်အပြီးတွင် လူရည်ချွန်မောင်မယ်များသည် သမိုင်းဝင်ပုတ်တလုတ် ရေကန်သို့ ရောက်ရှိလေ့လာခဲ့ကြပြီး ပင်းတယမြို့မှ ပြန်လည်ထွက်ခွာလာရာ တောင်ကြီး လူရည်ချွန်အပန်းဖြေစခန်းသို့ ညနေ ၃ နာရီခွဲတွင် ပြန်လည်ရောက်ရှိကြသည်။
ညပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဖျော်ဖြေရေးအဖွဲ့က လူရည်ချွန်မောင်မယ် များအား အဆို၊ အက၊ အတီးများဖြင့် သီဆိုတီးမှုတ်ဧည့်ခံဖျော်ဖြေ တင်ဆက်ကြကြောင်း သတင်းရရှိသည်။
ဖိုးနိုင်(မြဝတီ)