ပွင့်ဖြူမြို့နယ်၌ ဒေသတွင်း စားသုံးဆီဖူလုံစေရန် မိုးကြိုနေကြာများ စတင်စိုက်ပျိုး
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ဒေသတွင်း စားသုံးဆီဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန် အတွက် ဒေသခံတောင်သူများက မိုးကြိုနေကြာများကို ဧပြီပထမပတ်က စတင်စိုက်ပျိုးခဲ့ရာ လက်ရှိတွင် ဧက ၂၀ ခန့် စိုက်ပျိုးပြီးစီးနေပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေ၏ ပြောကြားချက်အရ သိရသည်။
“ပွင့်ဖြူမြို့နယ်မှာ စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းတဲ့အတွက် သီးနှံဝင်ငွေ တိုးပွားစေဖို့ တစ်နှစ်ပတ်လုံး ဈေးကွက်ကောင်းမွန်တဲ့ သီးနှံတွေကို စီးပွားဖြစ်ရွေးချယ် စိုက်ပျိုးကြပါတယ်။ အခုဆိုရင် မြို့နယ်အတွင်းမှာရှိတဲ့ တောင်သူတွေက ဒေသတွင်းစားသုံးဆီ ဖူလုံစေဖို့နဲ့ သီးနှံဝင်ငွေ တိုးပွားစေဖို့ရည်ရွယ်ပြီး ဈေးကွက်ရှိပြီး တွက်ခြေကိုက်တဲ့ ဆီထွက် သီးနှံနေကြာကို မိုးကြိုသီးနှံအဖြစ် စိုက်ပျိုးကြတယ်။ တချို့တောင်သူတွေကလည်း နွေစပါးနဲ့ နွေနှမ်းကို သတ်မှတ်လျာထား ဧကပြည့်မီအောင် ကြိုးပမ်းစိုက်ပျိုးနေကြပါတယ်”ဟု ဒေါ်မိုးမိုးဝေကပြောသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများသည် တစ်နှစ်ပတ်လုံး စိုက်ပျိုးရေး လုပ်ငန်းကို အားထား လုပ်ကိုင်ကြပြီး သီးနှံများစိုက်ပျိုးရာတွင် တွက်ခြေကိုက်သည့် သီးနှံများကို ရွေးချယ် စိုက်ပျိုးကြကြောင်း သိရသည်။
ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါး၊ နွေနှမ်းနှင့် တခြားနွေသီးနှံများကို သတ်မှတ်လျာထား ဧကပြည့်မီရေး အတွက် ကြိုးပမ်းစိုက်ပျိုးလျက်ရှိကာ တချို့တောင်သူများသည် သီးနှံဝင်ငွေပိုမို တိုးပွားစေရန် နွေစပါး၊ နွေနှမ်းနှင့်အပြိုင် ဈေးကွက် ရှိသည့် ပဲတီစိမ်းနှင့် ဆီထွက်သီးနှံ နေကြာ ကို မိုးကြိုသီးနှံအဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။