အမြို့မြို့အနယ်နယ်၌ ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲများကျင်းပ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်၍ ကဆုန်လပြည့်(ဗုဒ္ဓနေ့) မေ ၃ ရက်နံနက်ပိုင်းတွင် ပဲခူးမြို့ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား သံဃာအပါး ၁၀၀၀ ဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းမင်္ဂလာအခမ်းအနား ကျင်းပသည်။
ရှေးဦးစွာ သံဃာတော်အရှင်သူမြတ်အပါး ၁၀၀၀ တို့မှ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်
ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ကြပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ရွှေမော်ဓောစေတီတော်ရင်ပြင်ပေါ်ရှိ ဓမ္မာရုံအသီးသီးတို့၌ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် သံဃာတော်အရှင်သူမြတ်အပါး ၁၀၀၀ နှင့် သီလရှင်အပါး ၁၀၀ တို့အား ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ကြကြောင်း သိရသည်။