လူရည်ချွန်စခန်း(ငွေဆောင်)သို့ သွားရောက်ခဲ့သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဧကာဒသမတန်း လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ရန်ကုန်စုရပ်သို့ ပြန်လည်ရောက်ရှိ
ရန်ကုန် မေ ၃
လူရည်ချွန်စခန်း(ငွေဆောင်)သို့ သွားရောက်ခဲ့ကြသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဧကာဒသမတန်း လူရည်ချွန်ကျောင်းသား၊ကျောင်းသူများသည် ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းသို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ လူရည်ချွန်စခန်း(ငွေဆောင်)မှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် ကြီးကြပ်ဆရာ၊ ဆရာမများ၊ တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ငွေဆောင်မြို့ ယမုံနာဦးဟိုတယ်မှ ထွက်ခွာလာပြီး ပန်းတနော်မြို့နယ်ရှိ Global Earth သို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူတို့က ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုများအား Video Clipဖြင့် ရှင်းလင်းတင်ပြပြီး ငါးသားဖောက်ခြင်း၊ အဆင့်မီငါးမွေးမြူခြင်း အဆင့်ဆင့်တို့ကို လိုက်လံပြသရာ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှု လေ့လာကြသည်။
ထို့နောက် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာကြရာ ညနေပိုင်းတွင် ရန်ကုန်စုရပ်ဖြစ်သည့် မင်္ဂလာဒုံမြို့နယ် ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းသို့ ပြန်လည် ရောက်ရှိကြသည်။
အဆိုပါ လူရည်ချွန်စခန်း (ငွေဆောင်)မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဧကာဒသမတန်း လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် ဧပြီ ၂၇ ရက်မှ ယနေ့အထိ ရန်ကုန်မြို့ရှိ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ၊ ရွှေတိဂုံစေတီတော်၊ ပုသိမ်မြို့ရှိ ရွှေမုဋ္ဌောစေတီ၊ ပုသိမ်မြို့ရေပေးဝေရေးစခန်း၊ ပုသိမ်ထီးလုပ်ငန်း၊ ပုသိမ်ဟလဝါလုပ်ငန်း၊ ငွေဆောင်အပန်းဖြေဆင်စခန်း၊ ပုစွန်မွေးမြူရေးလုပ်ငန်း၊ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းများနှင့် ငါးမွေးမြူရေး လုပ်ငန်းများသို့ သွားရောက်ဖူးမြော် လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
ဝန်းရံခ