
ယမန်နေ့မှအဆက်
သို့သော် စိန်စိန်ကား သူ့ကိုမေ့လေပြီ။ သူကမူ မေ့၍မရ။ ထိုကာလကား သောင်းဒန်တစ်သက်တွင် စိတ်အဆင်းရဲဆုံး ကာလတစ်ခုဖြစ်လေသည်။
သောင်းဒန်ထွက်လာသည့်အခါ စိန်စိန်တွင် သောင်းဒန်ကိုယ်စား ချစ်သူတစ်ယောက်ရနေပြီဟုသတင်းကြားရ သည်။ စိန်စိန်၏ချစ်သူမှာ မျက်နှာကြီးသူဌေးသား တစ်ယောက်ဖြစ်သည်ဟုဆိုသည်။ သောင်းဒန်သည် စိန်စိန့်ကို မေ့အောင်ကြိုးစားသည်။ တင်ဦးက သူ့ကို ဖျောင်းဖျသည်။ စိတ်ပျော်အောင် ချော့သည်။ ထိုအချိန် တွင် သောင်းဒန်အရက်သောက်တတ်လာသည်။ စိန်စိန့် အတွက်ကား မသောက်။ အပေါင်းအသင်းတို့နှင့် ပျော်၍ သောက်ခြင်းဖြစ်သည်။ စိန်စိန့်အတွက်စိတ်ညစ်၍ ချည်းနေလို့မဖြစ်။ နှစ်နှစ်တာ သင်တန်းပြီး ဆုံးအောင် ကြိုးစားဖို့လိုသေးသည်။
နှစ်နှစ်ကာလသည် လွန့်ကာလူးကာနှင့် ကုန်ဆုံးသွားလေသည်။ ဂျီတီအိုင်သင်တန်းပြီးဆုံးလျှင် အလုပ် အတွက် စဉ်းစားလာရသည်။ သောင်းဒန်စိတ်ထဲကမူ တက္ကသိုလ်သို့သွားချင်သေးသည်။ ဂျီတီအိုင်နှင့်အားမရ။ တက္ကသိုလ်ကပေးသည့် အင်ဂျင်နီယာဘွဲ့လိုချင်သည်။
သူငယ်ချင်းများဖြစ်ကြသော သော်ကောင်း၊ ကျော်ဆွေတို့လည်း သူနှင့်အတူပင် တက္ကသိုလ်ဝင်သင်တန်း အောင်သည်။ ယခု နှစ်နှစ်ပြီးသော် အင်ဂျင်နီယာ ပထမနှစ်သင်တန်းသို့ တက်ကြရတော့မည်။ သူလည်း တက်ချင်သည်။ သူ့မှာ အဖေ၏ အငြိုအငြင်ခံရသေးသည်။ အဖေနှင့်အမေတို့က သောင်းဒန်ဂျီတီအိုင်၌ ကျောင်းတက်နေသည်ဟု သိမထား။ သူတို့သား ရန်ကုန်တက္ကသိုလ်၌ ကျောင်းတက်နေသည်ဟုသာ သိထား ကြသည်။
သောင်းဒန်က မိဘများကိုလိမ်ထားရသည်။ စိန်စိန် မွှေးသည့်မီးကြောင့် ဒီဗားတစ္ဆေအခြောက်ခံရကာ သူ့ဘာသာ သူဆတ်ဆော့ပြီး အင်းစိန်ဂျီတီအိုင်သို့ တက်ခြင်းဖြစ်သည်။ တကယ်တော့ စာမေးပွဲတွင် စိန်စိန်ကို သင်္ချာခိုးပြပေးသည့်အတွက် ဘာမျှအပြစ်မရောက်။
ဆရာဦးဘသန်းကလည်း အထက်သို့မတိုင်ကြား။ တွေးမိတိုင်း ဆရာဦးဘသန်းကို ကျေးဇူးတင်မိသည်။ သို့ဖြစ် ရာ ရန်ကုန်ရောက်ပြီး ခြောက်လလောက်အထိ တက္ကသိုလ်တွင် ကျောင်းဆောင် အခန်းမရ၍ သူငယ်ချင်း တင်ညွန့်အခန်းတွင် ကပ်နေရသည်ဟု အိမ်ကိုညာထားသည်။ အိမ်ကငွေနှင့်စာတို့သည် တကောင်း ကျောင်း ဆောင် တင်ညွန့်အခန်းမှတစ်ဆင့် သူရှိရာသို့ ရောက်လာကြသည်။ ခြောက်လကျော်လျှင်ကား လိမ်၍မရ တော့ပြီ။ ရန်ကုန်သို့ရောက်လာကြသည့် ဒေသက လူများကပြောပြသဖြင့် သူဂျီတီအိုင်တက်နေသည့် အကြောင်းကို အိမ်ကသိသွားသည်။ အဖေက သောင်းဒန်ကို တစ်နှစ်လောက်စကားမပြော။ နောက်မှ စိတ်ဆိုး ပြေသွားသည်။ သို့ဖြစ်ရာ သောင်းဒန်သည် တက္ကသိုလ်သို့ ဝင်ချင်သည့် စိတ်မကုန်သေး။ အစိုးရအလုပ်ကို နှစ်နှစ်လုပ်ပါမည်ဟု ဝန်ခံစာချုပ်တွင်လည်း လက်မှတ်ထိုးထားပြီဖြစ်ရာ နှစ်နှစ်လောက်အောင့်အည်း လုပ်လိုက်မည်ဟု စိတ်ကူးမိသည်နှင့် အလုပ်လျှောက်လိုက်သည်။
လူတွေ့မေးသည့်အခါ သူ့ကို ဘယ်အရပ်သွားချင်သလဲဟု မေးသည်။ သူက မြေလတ်ပိုင်း တစ်နေရာကို သွားချင်သည်ဟုဖြေသည်။
“အစိုးရအလုပ်လုပ်မယ်ဆိုရင် နေရာရွေးနေလို့မဖြစ်ဘူး”
“ဒါတော့ ဦးတို့က ဘယ်နေရာသွားချင်သလဲလို့မေးတာကိုး”
“အဲဒီတော့မပို့နိုင်ဘူး လူရှိနေပြီ”
“ဒါဖြင့် ကျွန်တော်လည်းမလုပ်နိုင်ဘူးခင်ဗျာ”
နောက်တစ်နေ့တွင် ရုံးမှ ရုံးလုလင်လေးတစ်ယောက် သူ့ဆီလိုက်လာသည်။ ရုံးလိုက်သွားလျှင် သူ့ကိုလိုချင် သည့်နေရာတွင် ခန့်လိုက်ကြောင်း သိစေလိုက်သည်။ထိုအရပ်တွင် သောင်းဒန်၏ ဘဝကိုဖန်တီးမည့်သူ နှစ်ယောက် တွေ့ရသည်။ တစ်ယောက်မှာ သူ့ကို အလုပ်တွင် သင်ကြားပြသသည့် ဆရာသမားတစ်ယောက် ဖြစ်ပြီးလျှင် နောက်တစ်ယောက်မှာ သူ့ဘဝကြင်ဖော် ဖြစ်လာမည့် တက္ကသိုလ်ဝင်တန်း ကျောင်းသူ တစ်ယောက် ဖြစ်လေသည်။
ဆရာသမားက သူ့ကိုစာဖတ်ခိုင်းသည်။ အထူးသဖြင့် အလုပ်နှင့်ဆိုင်သည့် စာတို့ကို ဖတ်ခိုင်းသည်။ ယင်းမှာ တံတားဆောက်နည်းများဖြစ်သည်။ သူ့ကို စာအုပ်တစ်အုပ်ပေးကာ ဘယ်စာမျက်နှာမှ ဘယ်စာမျက်နှာ အထိ ဖတ်ခဲ့ရမည်၊ တွက်စရာရှိသည်တို့ တွက်ရမည်၊ နားမလည်သည်တို့ကို မေးရမည်ဟုဆိုကာ စာဖတ်ခိုင်းသည်။ သောင်းဒန်သည် ပေးသမျှစာကို ကုန်အောင်ဖတ်သည်။ မသိ၊ နားမလည်သည်တို့ကို မေးသည်။
ထိုဆရာသမားသည် သောင်းဒန်အား တပည့်တစ်ယောက်ကို ကျောင်းဆရာတစ်ယောက်က သင်ကြား ပေးသကဲ့သို့ စိတ်ရှည်လက်ရှည်သင်ကြားပေးသည်။ လက်တွေ့နှင့်လည်း ယှဉ်၍ပြသည်။ ထိုအချိန်တွင် ခေတ်စားသည်မှာ သံပေါင်တံတားများဖြစ်သည်။ လက်တွေ့နှင့်စာသော် သူဖတ်ထားရသမျှမှာ ရေးရေး မျှသာရှိသည်။ အတွေ့အကြုံကလည်းမရှိသေး။ ကျောင်းထွက်ခါစရှိသေးရာ အခြေခံသဘောတို့ကို ရေးရေး မျှသာ နားလည်သည်။ သို့သော်လည်း သင်ကြားပြသပေးသူ ဆရာသမားကိုကား သောင်းဒန်များစွာ ကျေးဇူးတင်သည်။
ဘယ်ဘဝကရေစက်ဟူ၍မသိ။ ထိုဆရာသမားသည် သောင်းဒန်ကို များစွာခင်သည်။ သံယောဇဉ်လည်း ကြီး သည်။ နောင်အခါ ထိုဆရာသမားနှင့်ပင် သောင်းဒန်ပြန်၍ တွေ့ရလေသည်။ သူ့ဘဝကိုဖန်တီးပေးမည့် ဘဝကြင်ဖော်လောင်းကိုကား သောင်းဒန်က ဆရာ၊ မြင့်မြင့်သန်းက တပည့်မအဖြစ် တွေ့ရသည်။ သည် တစ်ကြိမ်တွင် သူက ဆရာ ဖြစ်လေသည်။
မြင့်မြင့်သန်းနှင့်အဖော်တစ်သိုက်သည် သူနေသည့် ရပ်ကွက်မှကျောင်းသူများ ဖြစ်ကြသည်။ ညပိုင်းတွင် သောင်းဒန်က သင်္ချာသင်တန်းဖွင့်သည်။ မြင့်မြင့်သန်း အပါအဝင် စုစုပေါင်းကျောင်းသား ၂၀ ခန့် သူ့ကျောင်း တွင် တက်ကြသည်။ ဤသင်တန်းမှာပင် မြင့်မြင့်သန်း နှင့်သောင်းဒန်တို့ မျက်လုံးချင်းစကားပြောကြသည်။ ထို့နောက် စာချင်းစကားပြောကြသည်။ မြင့်မြင့်သန်းသည် တက္ကသိုလ်ဝင် စာမေးပွဲတွင် သင်္ချာဂုဏ်ထူးနှင့် အောင်လေသည်။
သို့သော်လည်း ချစ်လိုက်၊ ကွဲလိုက်၊ တွေ့လိုက်၊ ကွာလိုက် အတည်တကျမရှိသော လောကသဘောအရ သောင်းဒန်နှင့်မြင့်မြင့်သန်းတို့ ကွဲသွားကြလေသည်။
မြင့်မြင့်သန်းက ရန်ကုန်တက္ကသိုလ်သို့ ရောက်သွားသည်။ သောင်းဒန်တစ်ယောက်သာ အလုပ်တွင်ကျန်ရစ်ခဲ့ သည်။ သောင်းဒန်သည် ထိုအလုပ်တွင် နှစ်နှစ်ပြည့်အောင် အောင့်အည်းနေရသည်။ နှစ်နှစ်စေ့လျှင်ကား မြင့်မြင့်သန်းနောက်သို့ လိုက်ရန် ပြင်ဆင်လေသည်။
ရန်ကုန်ရုံးသို့ စာသင်ခွင့်နှစ်နှစ်ပေးရန် လျှောက်လွှာ တင်လိုက်သည်။ ရုံးကခွင့်ပြုလိုက်သည်တွင် သောင်းဒန် သည် တက္ကသိုလ်ကျောင်းသားဖြစ်လေပြီ။ သူလိုချင်သော အင်ဂျင်နီယာဘွဲ့ကို ယူနိုင်တော့မည်။ တက္ကသိုလ် ရောက်လျှင် မြင့်မြင့်သန်းနှင့်ပြန်၍တွေ့သည်။ သို့သော်လည်း အရင်ကလောက် ခုံခုံမင်မင်မရှိတော့ပြီ။ ကျောင်းတွင် မြင့်မြင့်သန်းထက် ချစ်စရာကောင်းသည့် ကျောင်းသူလေးများ ဒုနဲ့ဒေးရှိသည်မဟုတ်လား။ မြင့်မြင့်သန်းကလည်း သူ့ကိုအရင်ကလို စွဲစွဲမြဲမြဲချစ်ဟန်မရှိတော့။ နှစ်ယောက်စလုံး သွေးအေးသွားကြသည်။ သို့နှင့် သောင်းဒန်သည် တက္ကသိုလ်ကျောင်းသားဘဝတွင် စာကိုကြိုးစား၍ သင်အံလေ့ကျက်သည်။
ဒုတိယနှစ်အလယ်ပိုင်းတွင်မူ အောက်တိုဘာ ကျောင်းတစ်လပိတ် အရေးတော်ပုံနှင့်ကြုံရလေသည်။ ထိုအချိန် တွင် သူ့အဖေလည်း ဆုံးသွားသည်။ သူ့ဆရာသမားလည်းနယ်မှ ရန်ကုန်ရုံးကြီးသို့ရောက်လာသည်။ ရုံးကြီး တွင်မြေစမ်းဌာန၌လည်း လူလိုနေသည်။ သို့ဖြစ်ရာ သောင်းဒန်သည် ရုံးကြီးသို့ပြန်လာရသည်။ သူလိုချင်သော တက္ကသိုလ်ဘွဲ့ကိုလည်း စွန့်လွှတ်လိုက်ရသည်။
မတတ်နိုင်တော့ပြီ။ ကံပစ်ချရာနေရတော့မည်။ သို့သော်လည်း အလုပ်လုပ်ချင်စိတ်ကား ပြင်းထန်လာသည်။ သူနှင့်အတူ ကျောင်းနေဖက်အချို့ အလုပ်ကိုယ်စီ၊ မိန်းမကိုယ်စီနှင့်ရှိနေကြပြီ။ သော်ကောင်းနှင့် ကျော်ဆွေတို့ အင်ဂျင်နီယာဘွဲ့ရကြတော့မည်။ တင်ဦးတစ်ယောက် ဆည်မြောင်းရုံးကြီး၌ ပုံဆွဲဆရာဖြစ်နေပြီ။ အသားကျ နေပြီ။ မိန်းမယူချင်သလိုလို ရောဂါထနေပြီဟု ကြားရသည်။ သူလည်း မြေစမ်းဌာနတွင်နစ်မြုပ်ရတော့သည်။
ထိုကာလတွင် သူ၏ဆရာဟောင်းသည် သောင်းဒန်အား အင်ဂျင်နီယာသဘောတရားများကို ပြန်၍နှူးသည်။ တံတားဆောက်အတတ်ပညာစာအုပ်များကို ပြန်၍ဖတ်စေသည်။ နောင်နှစ်နှစ်ကြာသည့်အခါ အခွင့်အလမ်း တစ်ခုပေါ်လာသည်။ ယင်းမှာ ရန်ကုန်ဆင်ခြေဖုံးတွင် ရွှေပြည်ကြီးတံတား ဆောက်လုပ်ရေး စီမံကိန်းတစ်ခု ပေါ်လာခြင်းပင်ဖြစ်သည်။ ရွှေပြည်ကြီးချောင်းကို ဖြတ်၍ဆောက်ရမည့် တံတားဖြစ်သည်။ ထိုတံတားကို တာဝန်ယူဆောက်လုပ်မည့်သူမှာ အမေရိကမှ အမ်အက်စီအင်ဂျင်နီယာဘွဲ့ယူလာသော ဝန်ထောက်ကလေး ဦးလှစိုးဖြစ်သည်။
သူတို့သည် ရွှေပြည်ကြီးတံတားကို သုံးနှစ်နှင့်အပြီး ဆောက်ကြသည်။ အတွေ့အကြုံကား ကြီးမားလှသည်။ ကျောင်းကထွက်ပြီးနောက် ဤသို့ကြီးကြီးမားမား လုပ်ငန်းကိုမလုပ်ဖူးခဲ့။ အခွင့်အလမ်းလည်းမကြုံခဲ့။ ယခု ကား အခွင့်အလမ်းကြုံပြီဖြစ်၍ သောင်းဒန် ကြိုးစားသည်။ ဦးလှစိုးထံတွင် ပညာဆည်းပူးသည်။ မသိသည် တို့ကိုမေးသည်။
ဆက်လက်ဖော်ပြပါမည်။