ရန်ကုန်မြို့ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စက်ဆန်းမိသားစု ဝန်ထမ်းအိမ်ရာသစ်နှင့် သီရိအဏ္ဏဝါခန်းမသစ် ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန်မြို့ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စက်ဆန်းမိသားစု ဝန်ထမ်းအိမ်ရာသစ်နှင့် သီရိအဏ္ဏဝါခန်းမသစ် ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော်  မေ  ၆

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့်  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်  ကူးတို့ဆိပ်ရပ်ကွက်ရှိ  မြန်မာ့ဆိပ်ကမ်း အာဏာပိုင်စက်ဆန်းမိသားစု ဝန်ထမ်းအိမ်ရာသစ်နှင့်သီရိအဏ္ဏဝါခန်းမဆောင်သစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်သည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ် ရပ်ကွက်   မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဌာနမြေတွင် အသစ်ဆောက်လုပ်ပြီးစီးနေသည့် စက်ဆန်းမိသားစု ဝန်ထမ်းအိမ်ရာသစ် သို့ရောက်ရှိပြီး အိမ်ရာဖွင့်ပွဲ အခမ်းအနားမုခ်ဦးနေရာ၌  ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင် ညွှန်ကြားရေးမှူးတို့က ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု

ဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဧည့်သည်တော်များနှင့်အတူ (၈)ခန်းတွဲ၊  (၆)ထပ် အဆောက်အအုံသစ် နှစ်လုံး၊ အရာထမ်း/အမှုထမ်း လူပျိုဆောင် အဆောက်အအုံသစ်နှစ်လုံး၊ ဘက်စုံသုံးခန်းမဆောင်သစ် (Multi-Function Assembly Hall)) အဆောက်အအုံ တစ်လုံးနှင့် ဝန်ထမ်းမိသားစု ဆေးခန်းတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ 

ဆက်လက်၍ သီရိအဏ္ဏဝါခန်းမဆောင်သစ်နှင့် အိမ်ရာသစ်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက သီရိအဏ္ဏဝါခန်းမသစ် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ ဦးဆောင်ညွှန်ကြားရေးမှူးတို့နှင့်  အတူ ခန်းမသစ်ရှိ  ဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။ 

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်နှင့် မိခင်ဌာနအနေဖြင့် ဝန်ထမ်းများ၏ နေထိုင်မှုအဆင်ပြေစေရေး၊ သက်သာချောင်ချိရေး၊ သွားလာမှု အဆင်ပြေစေရေး၊ ဝန်ထမ်းမိသားစုများအားလုံး  တစုတစည်းတည်း  စုပေါင်းနေထိုင်နိုင်စေရေးတို့အတွက် ရည်ရွယ်ချက်ကောင်း၊ စေတနာကောင်းများဖြင့်  ဤသို့သော အဆင့်မြင့်အိမ်ရာများ စီစဉ်ဆောင်ရွက်ထားမှုအတွက် ဝန်ထမ်းများကလည်း မိခင်ဌာနအပေါ်တွင်   ဂုဏ်ယူ၊  သစ္စာရှိ၊ သံယောဇဉ်ထားကြပြီး ပေးအပ်သည့် တာဝန်

ဝတ္တရားများကို အားသွန်ခွန်စိုက် စေတနာပြည့်ဝစွာ  ထမ်းဆောင်သွားကြရန်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန်(၆)ချက်၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် အပါး(၃၀)စသည့် နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာကျင့်ကြံသွားကြရန်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေမြောက်မြားစွာ ကုန်ကျခံတည်ဆောက် စီစဉ်ပေးထားခြင်းဖြစ်သောကြောင့် ဤဝန်ထမ်းအိမ်ရာ တစ်ခုလုံးနှင့် ပတ်ဝန်းကျင်ကို ရေရှည်တည်တံ့အောင်၊ အစဉ်အမြဲသန့်ရှင်း သာယာလှပနေအောင်  အားလုံးက တက်ညီလက်ညီဖြင့် ထိန်းသိမ်းစောင့်ရှောက် သွားကြရန်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။   ထို့နောက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်   ဦးဆောင်ညွှန်ကြားရေးမှူးက စက်ဆန်းမိသားစုဝန်ထမ်းအိမ်ရာ၊ ဘက်စုံသုံးသီရိအဏ္ဏဝါ ခန်းမတို့နှင့် စပ်လျဉ်းသည့် အချက်အလက်များအား ရှင်းလင်းတင်ပြပြီး တည်ဆောက်ရေး မှတ်တမ်းတင် Video  Clip ကိုပြသသည်။

မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ စက်ဆန်းမိသားစု ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စတင်စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ယနေ့ဖွင့်လှစ်သည့်  အဆောက်အအုံများ အပါအဝင် လူနေအဆောက်အအုံ ၁၂ လုံး၊ အိမ်ခန်း ၄၅၆ ခန်း၊ ဘက်စုံသုံးခန်းမတစ်ခုနှင့် မိသားစုဆေးခန်းတစ်ခန်းတို့ ပါရှိကြောင်း သိရှိရသည်။

ထိုမှတစ်ဆင့်    ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်ဘူတာကြီးဝင်း အတွင်းရှိ    Rail    Bus Engine-RBE စက်ခေါင်းရုံသို့ရောက်ရှိပြီး စက်ခေါင်းရုံ အတွင်း၌ West Corporation  က ပြုပြင်လွှဲပြောင်းပေးအပ် ထားပြီးဖြစ်သည့် RBE (၈)တွဲအား အသုံးပြုနေမှုနှင့် လွှဲပြောင်းပေးအပ်ရန် ကျန်ရှိနေသည့် RBE (၇)တွဲတို့အား မွမ်းမံပြင်ဆင်နေမှုတို့ကိုကြည့်ရှုစစ်ဆေးပြီးနောက် သတ်မှတ်အချိန်ဇယားနှင့် အညီပြီးစီးရေး၊ တွဲများသန့်ရှင်း သပ်ရပ်မှုရှိစေရေး၊    ခုတ်မောင်းပြေးဆွဲရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ရေရှည် အသုံးပြုနိုင်ရေး လိုအပ်သည့် ရထားခရီးစဉ် များတွင်  အင်အားဖြည့်တင်း သုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် ကိစ္စများကို မှာကြားသည်။

ထို့နောက်   ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ဘူတာကြီး ဧည့်ခန်းမဆောင်၌  ဝန်ကြီးဌာန လက်အောက်ရှိ ဌာနအကြီးအမှူးများကို တွေ့ဆုံ၍ ဘင်္ဂလားပင်လယ်အော်၌ မကြာမီ ဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်း၏ အခြေအနေသတင်းများကို မျက်ခြည်မပြတ် စောင့်ကြည့်လျက်   ဝန်ထမ်းများထံသို့ သတင်းမှန်များ အချိန်နှင့်တစ်ပြေးညီရောက်ရှိစေရေး၊ မိမိဌာန၏ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများအပေါ် ထိခိုက်လာနိုင်ခြေများကို ကြိုတင်သုံးသပ်လျက် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားနိုင်ရေး၊ လေယာဉ်၊ ရေယာဉ်၊ ရထားခရီးစဉ်များ ပြေးဆွဲမှုကို လိုအပ်သလိုပြင်ဆင် ပြောင်းလဲစီမံနိုင်ရေး၊ လေယာဉ်များကို မုန်တိုင်းလွတ်ကင်းရာ လေယာဉ်ကွင်း နေရာများသို့ ယာယီ ရွှေ့ပြောင်းရပ်နားနိုင်ရေး၊ ဌာနပိုင်ရေယာဉ်များအား အနီးစပ်ဆုံးဆိပ်ကမ်းနှင့် သင်္ဘောကျင်းများတွင် အချိန်မီစနစ်တကျ လွန်းတင် ကမ်းထိုးရပ်နား ထိန်းသိမ်းနိုင်ရေး၊ ရထား

စက်ခေါင်း၊ လူစီးတွဲ၊ ကုန်တွဲများ လေပြင်း ဒဏ်ကြောင့် လိမ့်ထွက်ကာ ရထားမတော်တဆမှုများ မဖြစ်ပေါ်အောင်  သတ်မှတ်ထားသည့် ထိန်းသိမ်းမှုနည်းစနစ် အတိုင်း လိုက်နာဆောင်ရွက်ရေး၊ ဆက်သွယ်ရေးစနစ်များ   ပြတ်တောက်မှုဖြစ်ပေါ်ပါက အမြန်ဆုံး ပြန်လည်ချိတ်ဆက်နိုင်ရန် အတွက် အရန်ဆက်သွယ်ရေးစနစ်များ စီစဉ်ထားရှိရေး၊ သဘာဝဘေးအန္တရာယ် ကြုံတွေ့လာရပါက  ဌာနအချင်းချင်း ထိရောက်သည့် ပံ့ပိုးကူညီမှုများ   ဆောင်ရွက်နိုင်စေရေး အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် သွားကြရေးတို့ကို    မှာကြားခဲ့ကြောင်း  သိရသည်။