နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ အော်သိုဒေါ့ ဘုန်းတော်ကြီး His Eminence Sergiyပ နှင့် အဖွဲ့က တွေ့ဆုံဂါရဝပြု

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ အော်သိုဒေါ့ ဘုန်းတော်ကြီး His Eminence Sergiyပ နှင့် အဖွဲ့က တွေ့ဆုံဂါရဝပြု

ရန်ကုန်  မေ  ၆

    နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးခြောက်ပါးတို့အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ အော်သိုဒေါ့ဘုန်းတော်ကြီး His Eminence Sergiy နှင့်အဖွဲ့က တွေ့ဆုံဂါရဝပြုသည့် အခမ်းအနားကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေ မဟာနာယက ကျောင်းဆောင် ဘုရားခန်းမ၌   ကျင်းပသည်။

ဂါရဝပြုတွေ့ဆုံပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ  အော်သိုဒေါ့ဘုန်းတော်ကြီး   His Eminence Sergiy က နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခွင့်ရသည့်အတွက် အထူး ပင်ဝမ်းမြောက်ကြောင်း၊ မြန်မာနိုင်ငံတွင် အော်သိုဒေါ့ ခရစ်ယာန် ဘာသာဝင်များနှင့် မြန်မာ-ရုရှားနှစ်နိုင်ငံ အပြန်အလှန် ချစ်ကြည်ရေး၊ ဘာသာရေးဆိုင်ရာ ကိစ္စများကို ပူးပေါင်း ဆောင်ရွက်လိုကြောင်း  လျှောက်ထားပြီး ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးသည်။

ထို့နောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်က အော်သိုဒေါ့ ဘုန်းတော်ကြီး His Eminence Sergiy နှင့်အဖွဲ့ လာရောက်တွေ့ဆုံသည့်အတွက် အထူးပင်ဝမ်းမြောက်ရကြောင်း၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အနေဖြင့်လည်း မေတ္တာ၊  ကရုဏာ၊  မုဒိတာ၊ ဥပေက္ခာဟု ဆိုအပ်သော ဗြဟ္မစိုရ်တရား လေးပါးနှင့်အညီ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း မိန့်ကြားတော်မူသည်။

ဂါရဝပြုတွေ့ဆုံပွဲ အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်း ဆရာတော် အမှူးပြုသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးခြောက်ပါး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စင်ကာပူနှင့် အရှေ့တောင်အာရှ ဒေသလုံးဆိုင်ရာ အော်သိုဒေါ့ဘုန်းတော်ကြီး His Eminence Sergiy နှင့် အဖွဲ့ဝင်များ၊   မြန်မာနိုင်ငံဆိုင်ရာ   ရုရှားနိုင်ငံ သံအမတ်ကြီး၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (စီမံ)နှင့် သာသနာရေး ဦးစီးဌာနမှ  တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြကြောင်း  သိရသည်။