ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရန် ဝန်ထမ်းများနှင့် တွေ့ဆုံ
ရန်ကုန် မေ ၈
တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယမန်နေ့ မွန်းလွဲပိုင်းက ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ တာဝန်ခံနှင့်ဝန်ထမ်းများကို တွေ့ဆုံခဲ့ပြီး မိုးရာသီ ရောက်ရှိတော့မည်ဖြစ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး တွေ့ဆုံမှာကြားသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက သဘာဝ ဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန်အတွက် ပဲခူးမြစ်မှ ဒီရေလျှံတက် ဝင်ရောက်လာမည့် နေရာများတွင် ဒီရေဝင်ရောက်မှု ကာကွယ်နိုင်ရန် သဲအိတ်များ စနစ်တကျ ပြုလုပ်၍ ကာရန်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာအတွင်းရှိ ရေချိုသိုလှောင်ထားသော ကန်များအတွင်း ပင်လယ် ဒီရေရေငန်များ ဝင်ရောက်မှုမရှိစေရန် သဲအိတ်များဖို့၍ ကြိုတင်ကာကွယ်စီမံ ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ တိုင်းရင်းသားရိုးရာအိမ်များ၏ ခြံဝင်းထဲရှိ ပြိုလဲနိုင်ခြေ ရှိသောအပင်ကြီးများကို ကြိုတင်၍ အကိုင်းအခက်များ ခုတ်ထွင်ရှင်းလင်း ထားရန်လိုကြောင်း၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက လျှပ်စစ်မီး၊ Transformer များအားMain ခလုတ် ကြိုတင်ပိတ်ထားရန် လည်းလိုကြောင်း၊ ရုံးဌာနရှိ အရေးကြီးစာရွက်စာတမ်းများကို ဦးစားပေး(၁)၊ (၂)စသည်ဖြင့် မိုးဒဏ်လေဒဏ် ကာကွယ်သောနေရာများသို့ ပြောင်းရွှေ့ထားရန် မှာကြားလိုကြောင်း၊ ရှေးဦးသူနာပြုအဖွဲ့မှ လိုအပ်သည့် ဆက်စပ်ပစ္စည်းများအား ဝယ်ယူပြီး စနစ်တကျ စုဆောင်းပြင်ဆင် ဆောင်ရွက်ထားရန် မှာကြားလိုကြောင်း၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ဆက်သွယ်ရေးပြတ်တောက်မှုများမဖြစ်ပေါ်စေရေး သက်ဆိုင်ရာ ဘေး(စီမံ) ကော်မတီများနှင့် ဆက်သွယ်ဆောင်ရွက် ထားရှိရန် လိုအပ်မည်ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် ဝန်ထမ်းများက အထွေထွေဆွေးနွေး တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာရှိ တည်ဆောက်ပြီး ဆိပ်ခံဗောတံတားအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရန်အတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ကြရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။