မုန်တိုင်းဘေးဒဏ် ခံစားရနိုင်သည့် ပြည်သူများအတွက် ထိုင်းနိုင်ငံရောက် မြန်မာများက ခေါက်ဆွဲခြောက်များ လှူဒါန်းခြင်းနှင့် မုန်တိုင်းဘေး အရေးပေါ် တုံ့ပြန်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန ဖွင့်လှစ်

မုန်တိုင်းဘေးဒဏ် ခံစားရနိုင်သည့် ပြည်သူများအတွက် ထိုင်းနိုင်ငံရောက် မြန်မာများက ခေါက်ဆွဲခြောက်များ လှူဒါန်းခြင်းနှင့် မုန်တိုင်းဘေး အရေးပေါ် တုံ့ပြန်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန ဖွင့်လှစ်

နေပြည်တော်  မေ  ၈

   ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင်  ဖြစ်ပေါ်လျက်ရှိသော လေဖိအားနည်း ရပ်ဝန်းသည် တဖြည်းဖြည်း အားကောင်းလာကာ ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ပြီး ခန့်မှန်းချက်များအရ မြန်မာနိုင်ငံဘက်သို့ ဖြတ်သန်း ဝင်ရောက်နိုင်သည့် အခြေအနေရှိနေသဖြင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့်   မုန်တိုင်းဘေး အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအတွင်းသို့ မုန်တိုင်းဖြတ်သန်း ဝင်ရောက်ပါက ဘေးဒဏ်ခံစားရနိုင်သည့်ပြည်သူများအတွက် အရေးပေါ်ထောက်ပံ့မှုများ ဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံ  ဘန်ကောက်မြို့ မြန်မာသံရုံး၏   စည်းရုံးဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများက စုပေါင်းလှူဒါန်းသော    ထိုင်းဘတ်ငွေ ၁၀၇၇၂၆၃  တန်ဖိုးရှိ  အသင့်စားခေါက်ဆွဲ ခြောက်ထုပ် ၁၅၈၆၄၀ လှူဒါန်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ညနေ ၃ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ    စီမံခန့်ခွဲမှု ဗဟိုဌာန (Disaster Management Centre-DMC)၌ ကျင်းပသည်။ ထောက်ပံ့လှူဒါန်းသည့် ခေါက်ဆွဲခြောက်များသည် ယနေ့မွန်းလွဲ၂ နာရီခန့်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး  နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးတို့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကာ နေပြည်တော်တွင် ပြုလုပ်သည့် အခမ်းအနား၌ ထိုင်းနိုင်ငံရောက်   မြန်မာများကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

အဆိုပါ ခေါက်ဆွဲခြောက်များကို ရခိုင်ပြည်နယ်သို့ အထုပ် ၃၀၀၀၀၊ ဧရာဝတီတိုင်းဒေသကြီးသို့ အထုပ် ၃၀၀၀၀ တို့ကို ကြိုတင်ဖြန့်ခွဲ ပေးပို့သွားမည်ဖြစ်ပြီး ကျန်ခေါက်ဆွဲထုပ်များကို ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဗဟိုသိုလှောင်ရုံတွင် အရန်သင့်သိုလှောင်ထားရှိပြီး    လိုအပ်သည့်နေရာများသို့ ဆက်လက်ပို့ဆောင် သွားမည်ဖြစ်သည်။

ဆက်လက်၍ ယနေ့ညနေ ၃ နာရီတွင် စတင်ဖွင့်လှစ်ခဲ့သည့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဗဟိုဌာန  (DMC)၌ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ အရေးပေါ် တုံ့ပြန်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနမှ    စီမံခန့်ခွဲဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပသည်။

အစည်းအဝေးတွင်    ပြည်ထောင်စု ဝန်ကြီးက မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ခန့်မှန်းချက်များအရ လေဖိအားနည်းရပ်ဝန်းမှ    ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ပြီး မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်လာနိုင်သည့် မုန်တိုင်းဘေးနှင့် စပ်လျဉ်း၍ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်၍ အရေးပေါ် အစည်းအဝေးကို မေ ၆ ရက်တွင် ခေါ်ယူကျင်းပခဲ့ပြီး အရေးပေါ် ဆောင်ရွက်ရမည့် လုပ်ငန်းများကို   ချမှတ်ခဲ့ကြောင်း၊ ထို့ပြင် တည်မြဲအမိန့် (၂၀၂၂) တွင်လည်း အရေးပေါ်အချိန် ဆောင်ရွက် ရမည့်လုပ်ငန်းများ ပါရှိပြီးဖြစ်ကြောင်း၊ အရေးပေါ်တုံ့ပြန်မှု လုပ်ငန်းများကို   အချိန်နှင့် တစ်ပြေးညီ စီမံခန့်ခွဲ ဆောင်ရွက်နိုင်ရန် အတွက် DMC  ဖွင့်လှစ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ DMC  တွင် အဖွဲ့ခေါင်းဆောင်အဖြစ် အမျိုးသားကော်မတီ အတွင်းရေးမှူးဖြစ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဒုတိယအဖွဲ့ ခေါင်းဆောင်အဖြစ် လုံခြုံရေး လုပ်ငန်းကော်မတီမှ လည်းကောင်း၊ အတွင်းရေးမှူးအဖြစ်   ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ လည်းကောင်း၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ်မှ လည်းကောင်း ဆောင်ရွက်ရန် အဆိုပြုလိုကြောင်း၊ DMC ကို ၂၄ နာရီ   ဖွင့်လှစ်ဆောင်ရွက်မည်ဖြစ်ပြီး နေ့စဉ်ညနေ ၃ နာရီတွင် အစည်းအဝေး ပြုလုပ်ပြီး လိုအပ်သည်များ အမြန်ဆုံးစီမံဆောင်ရွက်ရန် ဖြစ်ကြောင်း နှင့်   DMC ရုံးအဖွဲ့ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍  ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍   အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက  DMC ဖွင့်လှစ်မှုနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။    ထို့နောက် လုပ်ငန်း ကော်မတီအသီးသီးမှ ကိုယ်စားလှယ်များက ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုများ၊ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍    ဆွေးနွေးပြောကြားကြပြီး ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးသည်။ 

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုဌာနကို အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဦးစီး၍ ယနေ့မှစတင်ကာ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး အမျိုးသားကော်မတီ လက်အောက်ရှိ လုပ်ငန်းကော်မတီ ၁၂ ခုမှ အတွင်းရေးမှူးများ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး( ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူများ စုပေါင်းတာဝန် ထမ်းဆောင်၍ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၏  ကြီးကြပ်လမ်းညွှန်မှုဖြင့် အရေးပေါ် တုံ့ပြန်မှုလုပ်ငန်းများကို  တိုင်းဒေသကြီး/ပြည်နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။