ပင်းတယ၊ စီးပွားရေး
ပြီးခဲ့သည့် နှစ်က ပြည်ပသို့ နှံစားပြောင်းတင်ပို့မှု လျော့နည်းခဲ့သဖြင့် ယခုနှစ်အတွင်း ဈေးကွက်ကောင်းမွန်ရန် မျှော်မှန်း ထားကြောင်း ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့နယ်၌ နှံစားပြောင်းစိုက်ပျိုးသူ ဦးခင်မောင်၏ ပြောဆို ချက်အရ သိရသည်။
နှံစားပြောင်းကို စက်တင်ဘာလအတွင်း စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် ရိတ် သိမ်းမည်ဖြစ်ရာ ယခုနှစ်အတွင်း ပြည်ပသို့ တင်ပို့မှုကောင်းမွန်ရန် မျှော်မှန်းထားခြင်း ဖြစ်သည်။
''ကျွန်တော်တို့က နှံစားပြောင်းကို အစေ့ ထုတ်ပြီးတင်ပို့တာပါ။ ပြီးခဲ့တဲ့နှစ်ကစပြီး တရုတ်နိုင်ငံက အဝယ်နည်း သွားလို့ ထိုင်းနိုင်ငံကို ပြောင်းပြီးတင်ပို့တာ ထိုင်းနိုင်ငံက ကြက်စာအတွက်ဝယ်တယ်။ စက်တင်ဘာ လဆိုရင် နှံစားပြောင်း စပြီးစိုက်တော့မှာပါ။ အခုကြိုပြီးပြင်ဆင်နေပြီ။ ပြီးခဲ့တဲ့နှစ်က ပြည်ပတင်ပို့တဲ့ဈေးကွက် မကောင်း ခဲ့ တော့ ဒီနှစ်ကောင်းမွန်ဖို့ မျှော်လင့်နေရတယ်''ဟု ဦးခင်မောင်ကပြောသည်။
ပြည်တွင်း၌ စိုက်ပျိုးသည့် နှံစားပြောင်းကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့ခဲ့ရာမှ ပြီးခဲ့သည့်ဘဏ္ဍာနှစ်မှစပြီး တရုတ်နိုင်ငံက ဝယ်ယူမှုလျော့နည်းခဲ့သဖြင့် ဈေးနှုန်း ကျဆင်းခဲ့သည့်အတွက် ထိုင်းနိုင်ငံသို့ ပြောင်းလဲ တင်ပို့ခဲ့ရသည်။ ထို့ပြင် ပြည်တွင်း ရှိ တိရစ္ဆာန်အစာထုတ်လုပ်သည့်လုပ်ငန်း များမှ ပြောင်းဝယ်လိုအား မြင့်တက် လာကြောင်း သိရ သည်။
ပြည်တွင်း၌ နှစ်စဉ် ပြောင်းသီးနှံကို ပိုလျှံစွာ စိုက်ပျိုးထုတ်လုပ်နိုင်ပြီး ဧရာဝတီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည် နယ်နှင့် ကရင်ပြည်နယ်တို့၌ နှစ်စဉ် ဧက တစ်သန်းကျော် စိုက်ပျိုးကြကြောင်း သိရသည်။
အက္ခရာ (AMIA)