ပူတာအိုမြို့၌ မြို့နယ်ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌဖလား ယူ-၂၃ အမျိုးသား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ
မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဖလား ယူ-၂၃ အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို မေ ၉ ရက်တွင် ကချင်ပြည်နယ် ပူတာအိုမြို့ ခရိုင်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးမဖန်းဆင်ဆုန်းက အမှာစကား ပြောကြားပြီး ရဝမ်ရိုးရာယဉ်ကျေးမှု အကပဒေသာများနှင့် အေရိုးဗစ်အကများဖြင့် ဖျော်ဖြေတင်ဆက်ကြကာ ဇရာအိုအသင်းနှင့် ပူတာအိုမြို့နယ် လက်ရွေးစင်ယူ-၂၀ အမျိုးသမီး လူငယ်ဘောလုံးအသင်းတို့က ချစ်ကြည်ရေးယှဉ်ပြိုင်ကစားကြသည်။
ထို့နောက် မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌက ကမ္ဘောဒီးယား၊ ဂျပန်၊ ပါကစ္စတန်နိုင်ငံများသို့ ယူ-၂၀ မြန်မာနိုင်ငံ အမျိုးသမီးဘောလုံးအသင်းမှ ပါဝင်ကစားခဲ့သော မဇခါရ်ရိုဇီအား ဂုဏ်ပြုလွှာနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးက ကွင်းဖွင့်ပွဲအနေဖြင့် ချစ်ကြည်ရေး ကစားခဲ့ကြသော ဇရာအိုအသင်းနှင့် ပူတာအိုမြို့နယ်လက်ရွေးစင် ယူ-၂၀ အမျိုးသမီးလူငယ်ဘောလုံး အသင်းအားလည်းကောင်း၊ မြန်မာနိုင်ငံ ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးထုံဖူးဒဂုဏ်က ရဝမ်ရိုးရာယဉ်ကျေးမှုအကပဒေသာအဖွဲ့နှင့် အေရိုးဗစ်အကအဖွဲ့အားလည်းကောင်း ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်သည်။
ယင်းနောက် ကွင်းဖွင့်ပွဲအနေဖြင့် မဒမ်ရှန်ဂေါင်ဘောလုံးအသင်းနှင့် အောက်ရှန်ဂေါင်ဘောလုံး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အောက်ရှန်ဂေါင်ဘောလုံးအသင်းက ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။
အဆိုပါ မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌဖလား ယူ-၂၃ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပူတာအိုမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်းပေါင်း ၁၃ သင်းတို့က မေ ၉ ရက်မှ ၂၀ ရက်အထိ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်းသိရသည်။
ဖုန်ကန်(ပူတာအို)