ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများ ဖွင့်လှစ်မည့် အခြေခံပညာ အထက်တန်းကျောင်းများ ကြည့်ရှုစစ်ဆေး
နေပြည်တော် မေ ၁၃
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ညောင်နှစ်ပင်အခြေခံပညာ အထက်တန်း ကျောင်းသို့ ရောက်ရှိပြီး စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ တွဲဖက်ဖွင့်လှစ်သင်ကြားမည့် အခြေအနေနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ တွဲဖက်သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်များ၊ အသက်မွေးဝမ်းကျောင်းပညာရေး၏ အရေးပါပုံများ၊ သင်ကြားပေးမည့် အစီအစဉ်များ၊ နိုင်ငံတော်မှထောက်ပံ့ပေးမည့် အစီအစဉ်များ၊ ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ ဆက်လက်ပညာသင်ကြားနိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိမှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး တာဝန်ရှိသူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းများ၊ သင်ထောက်ကူပစ္စည်းများနှင့် ကွန်ပျူတာများ တပ်ဆင်ထားရှိသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လှည်းကူးမြို့နယ် ငါးဆူတောင် အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ တွဲဖက်ဖွင့်လှစ်သင်ကြားမည့် အစီအစဉ်နှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။