ထားဝယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ် ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို မေ ၁၃ ရက်တွင် ရွှေဝယ်သီရိ အားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ထားဝယ်မြို့နယ်အသင်းနှင့် သရက်ချောင်းမြို့နယ်အသင်းတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရာ ထားဝယ်မြို့နယ်အသင်းက အနိုင်ရရှိသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက် ကျင်းပရာ ထားဝယ်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးသက်စိုးက ပွဲစဉ်တစ်လျှောက် အကူအညီပေးသောကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ပြီး ထားဝယ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး အောင်စိုးက ဒုတိယဆုရရှိသော သရက်ချောင်းမြို့နယ်အသင်းကို ဆုပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပထမဆုရရှိသော ထားဝယ်မြို့နယ်အသင်းကို ဆုပေးအပ်ချီးမြှင့်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြတ်သူက ပထမဆုရရှိသော ထားဝယ်မြို့နယ် အသင်းကို တံခွန်စိုက်ဖလား ပေးအပ်ချီးမြှင့် ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)