ကျိုင်းတုံစိုက်ပျိုးရေးသုတေသနခြံအတွင်း သီးနှံမျိုးများအလိုက် စမ်းသပ်စိုက်ပျိုးထားရှိမှုများနှင့် သုတေသနစိုက်ကွင်းများ ကြည့်ရှုစစ်ဆေး
နေပြည်တော် မေ ၁၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ မွန်းလွဲပိုင်းက ကျိုင်းတုံစိုက်ပျိုးရေးသုတေသနခြံအတွင်း သီးနှံမျိုးများအလိုက် စမ်းသပ်စိုက်ပျိုး ထားရှိမှုများနှင့် သုတေသနစိုက်ကွင်းများ ကို ကြည့်ရှုစစ်ဆေးအားပေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဒေသရေမြေရာသီဥတု သဘာ၀ အရင်းအမြစ်များ ထိန်းသိမ်းနိုင်မည့် စိုက်ပျိုးနည်းစနစ်များ ဖော်ထုတ်ဆောင်ရွက်ရန်၊ သုတေသနရလဒ်များအပေါ်အခြေခံ၍ တောင်သူ အကျိုးအမြတ် အများဆုံးရနိုင်မည့်သီးနှံများ ရွေးချယ်စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ တောင်သူ အသိပညာပေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်ရန် ဆွေးနွေး မှာကြားပြီး သုတေသနစခန်းအတွင်းတစ်နှစ်သုံးသီး စမ်းသပ်စိုက်ပျိုးနိုင်ရေးအတွက် ဆိုလာရေတင် စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်နိုင်ရန် စီမံပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျိုင်းတုံစိုက်ပျိုးရေး သုတေသနခြံအတွင်း ဒေသနှင့်ကိုက်ညီသည့် ပြည်တွင်းပြည်ပ သစ်သီးမျိုးများ စမ်းသပ်စိုက်ပျိုးလေ့လာ နေမှုများ၊ မျိုးကောင်းမျိုးသန့် ထုတ်လုပ် ပေးနိုင်ရေးနှင့် စိုက်ပျိုးသူတောင်သူများ အကျိုးအမြတ်များစေမည့် ကိုင်းကူးနည်းဖြင့် ကိုင်းကူးကိုင်းဆက် ပျိုးပင်များ ထုတ်လုပ်နေမှုများကို ကြည့်ရှုအားပေးပြီး သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ရန် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။