ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာဇဘတ်မြို့တွင် (၁၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ ဖိုရမ်ကျင်းပ

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာဇဘတ်မြို့တွင် (၁၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ ဖိုရမ်ကျင်းပ

နေပြည်တော်  မေ  ၁၃

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာဇဘတ် မြို့တွင် (၁၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ် (11th St. Peter-sburg International Legal Forum) ကို မေ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပရာ အဆိုပါဖိုရမ်သို့  ရုရှားနိုင်ငံတရားရေးဝန်ကြီးဌာန တရားရေးဝန်ကြီး  HE.Hon-orable Mr.Konstantin A. Chuychenko ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးနှင့်   ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သည့်မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ်သို့ နိုင်ငံတကာမှတရားသူကြီးချုပ်များ၊ ဥပဒေရေးရာဝန်ကြီးများ၊ တရားရေးဝန်ကြီးများ၊ ရှေ့နေရှေ့ရပ်များ၊ တရားသူကြီးများ၊ ဥပဒေအရာရှိများ၊ ဥပဒေပါမောက္ခများ၊ အပြည်ပြည်ဆိုင်ရာရှေ့နေများ၊ တရားရေးနှင့် ဥပဒေရေးရာဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ   စိန့်ပီတာဇဘတ်မြို့တွင် (၁၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ် (11th St.Petersburg International Legal Forum) ကျင်းပနေစဉ်အတွင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်  ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးဌာနတို့အကြား ဥပဒေ ရေးရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်မည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာစာချွန်လွှာ (Memorandum of Cooperation) ကိုလက်မှတ်ရေးထိုးခဲ့သည်။ ရုရှားဖက်ဒရေး ရှင်းနိုင်ငံက  မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် လက်မှတ်ရေးထိုးရန် အဆိုပြုထားသည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာ (Memorandum of Cooperation)များတွင် ဥပဒေရေးရာဝန်ကြီးဌာနသို့ အဆိုပြုထားသော ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာ(Memorandum of Cooperation) နှစ်ခုကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ   တရားရေးဝန်ကြီးဌာနတို့နှင့်   လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။

အပြည်ပြည်ဆိုင်ရာဥပဒေရေးရာဖိုရမ်တွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက မြန်မာနိုင်ငံ ဥပဒေရေးရာဝန်ကြီးဌာန၏ ၂၀၂၀-၂၀၂၄ မဟာဗျူဟာစီမံကိန်းကို တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု ခေါင်းစဉ်ဖြင့် ရည်မှန်းချက်ငါးခုချမှတ်ကာ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊  ယင်းရည်မှန်းချက်တွင် ကမ္ဘာ့နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည်လည်း တစ်ခုအပါ အဝင်ဖြစ်ကြောင်း၊   ထို့ကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးဌာနတို့အကြား Memorandum of Cooperation စာချုပ်ကို  ယခု(၁၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ် (11th St. Petersburg   International Legal Forum) ကျင်းပနေသည့်ကာလအတွင်း  လက်မှတ်ရေး ထိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး က Interaction between Ministries of Justice: New Trends and Approaches ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ရာ ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်က ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် ဥပဒေအရာရှိများ သင်တန်းပေးပြီး ၎င်းင်းတို့၏ ဥပဒေပညာအရည်အချင်းနှင့် လုပ်ငန်းကျွမ်းကျင်မှုအရည်အချင်းများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းတင်ထားရှိကြောင်း၊ ဆိုက်ဘာမှုခင်းများ၊ ဒစ်ဂျစ်တယ်မှုခင်းများ၊ လူကုန်ကူးမှု မှုခင်းများအစရှိသော ပြစ်မှုများသည် နိုင်ငံဖြတ်ကျော်မှုခင်းများ ဖြစ်ရာ ထိုသို့သောမှုခင်းများကို ကာကွယ် တားဆီး တိုက်ဖျက်ရန်အတွက် နိုင်ငံတစ်နိုင်ငံတည်းက ရပ်တည်ဆောင်ရွက်၍မရကြောင်း၊ နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်မှသာ ယင်းကဲ့သို့သော မှုခင်းများကို ကာကွယ်တားဆီးနိုင်မည် ဖြစ်ကြောင်း၊  ထို့ကြောင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း၊  ထိုသို့ပူးပေါင်းဆောင်ရွက်ရာတွင် နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ၏ ဥပဒေစနစ်မတူညီခြင်း၊ ဘာသာစကားမတူညီခြင်း၊ နိုင်ငံရေးမူဝါဒနှင့် ယဉ်ကျေးမှုဓလေ့ မတူညီခြင်းတို့ကြောင့် ပူးပေါင်းဆောင်ရွက်ရာတွင် အခက်အခဲများရှိမည် ဖြစ်သော်လည်း ပြည်တွင်းဥပဒေများ၊ နိုင်ငံတကာစာချုပ်များ၊ တရားမျှတမှုဆိုင်ရာ အဖွဲ့အစည်းများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊  ထိုသို့ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတစ်နိုင်ငံချင်းအလိုက် ကျင့်သုံးလျက်ရှိသော ဥပဒေစနစ်များကို နားလည်သဘောပေါက်ထားရန် လိုအပ်မည် ဖြစ်ကြောင်း။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့်အလျောက် အာဆီယံ ပဋိညာဉ်ကို လိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊  အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများကို နီးကပ်စွာဆောင်ရွက်လျက်ရှိကြောင်း၊  ဥပဒေရေးရာဝန်ကြီးဌာနသည် အာဆီယံဥပဒေ ရေးရာဝန်ကြီးများ အစည်းအဝေး (ASEAN Law Ministers'  Meeting - ALAWMM)နှင့် အာဆီယံ အဆင့်မြင့်ဥပဒေ အရာရှိများ အစည်းအဝေး(ASEAN Senior Law Official Meeting - ASLOM) တို့တွင်အဓိကပါဝင်ဆောင်ရွက်သည့် ဝန်ကြီး ဌာနအနေဖြင့် အာဆီယံဥပဒေရေးရာ ကိစ္စရပ်များ၊ ပြစ်မှုဆိုင်ရာဥပဒေ ကိစ္စရပ်များတွင် ပါဝင်ဆွေးနွေး လျက်ရှိကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးနှင့်လည်း ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာ(Memorandum of Cooperation) ကို သီးခြားလက်မှတ်ရေးထိုးလျက်   ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊   လာအိုနိုင်ငံ ရှေ့နေချုပ်ရုံးနှင့်လည်း  ပြစ်မှုဆိုင်ရာဥပဒေနယ်ပယ်တွင်   ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း၊  ၎င်းနည်းတူ စင်ကာပူ တရားရေး ဝန်ကြီးဌာနနှင့်လည်း     ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ခဲ့ကြောင်း    ပြောကြားခဲ့သည်။