အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းပို့ချလျက်ရှိ

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းပို့ချလျက်ရှိ

မကွေးတိုင်းဒေသကြီး   အောင်လံခရိုင်အောင်လံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေများ တိုးပွားစေရန် ရည်ရွယ်၍   အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်း ဖွင့်လှစ်သင်ကြားနေမှုကို မေ ၁၂ ရက်နံနက်ပိုင်းတွင် မြို့နယ်တာဝန်ရှိသူများက ကြည့်ရှုကြောင်း သိရသည်။

အဆိုပါ ဆိုင်ကယ်ပြင်သင်တန်း သင်ကြားနေမှုကို အောင်လံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးဒေါ်ထားထားရီနှင့် တာဝန်ခံဝန်ထမ်းများက သင်တန်းသားများ  စိတ်ပါဝင်စားစွာ သင်ယူနေမှု၊ သင်တန်းဆရာက   စာတွေ့လက်တွေ့ဖြင့် သင်ကြားနေမှုအခြေအနေများကို ကြည့်ရှုပြီး သင်တန်းသား များအနေဖြင့် သင်တန်းကာလအတွင်း   စိတ်ပါဝင်စားစွာသင်တန်းကို ပြီးမြောက်အောင်  တက်ရောက်ကြ စေလိုကြောင်း၊ သင်တန်းပြီးပါက ဆက်လက်လေ့လာသင်ယူကာ ဆိုင်ကယ်ပြင်ခြင်းဖြင့် မိသားစု ဝင်ငွေရအောင် ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။

ယင်းဆိုင်ကယ်ပြင်သင်တန်းကို အောင်လံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌  ကံနှစ်ဆင့်ကျေးရွာနှင့် မဟာဆင်ကျေးရွာတို့ရှိ    သင်တန်းသား ၂၅ ဦးကို မေ ၅ ရက်မှ ၂၀ ရက်အထိ ၁၅ ရက်ကြာ စာတွေ့လက်တွေ့ဖွင့်လှစ်သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း အောင်လံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်ထားထားရီထံမှ သိရသည်။                      

ဖြူလေး