ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါ ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် ကြိုတင်ရွှေ့ပြောင်းခြင်း လုပ်ငန်းများ ဆောင်ရွက်

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါ ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် ကြိုတင်ရွှေ့ပြောင်းခြင်း လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  မေ  ၁၃

 

ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက  ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများနှင့် အရေးပေါ်ပြုစုခြင်း၊   အရေးပေါ်ရွှေ့ပြောင်းပေးခြင်း လုပ်ငန်းများကို  လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည် နယ်အသီးသီး၌ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ၊ ဘေးအန္တရာယ်ကျရောက်နိုင်သော နေရာများမှ  ပြည်သူများအား   ကြိုတင်ရွှေ့ပြောင်းပေးခြင်းများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများ၊ ရိက္ခာများ အသင့်စုဖွဲ့ထားရှိခြင်းများ၊ သောက်သုံးရေလုံလောက်စွာ ရရှိရန် ဆောင်ရွက်ခြင်းများကို အရှိန်အဟုန်ဖြင့်  ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်   ဗန်းမော်မြို့နယ်တွင် လည်းကောင်း၊  ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး  ဝမ်းတွင်းမြို့နယ်၊  မိတ္ထီလာမြို့နယ်၊ ညောင်ဦးမြို့နယ်၊   ပြင်ဦးလွင်မြို့နယ်၊ တံတားဦးမြို့နယ်တို့တွင် လည်းကောင်း၊ ရခိုင် ပြည်နယ် ကျောက်တော်မြို့နယ်၊ ဂွမြို့နယ်၊ စစ်တွေမြို့နယ်၊   တောင်ကုတ်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊  မင်းပြားမြို့နယ်၊ မာန်အောင်မြို့နယ်၊ မြေပုံမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ သံတွဲမြို့နယ်၊   အမ်းမြို့နယ်တို့တွင်လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်၊ ကျုံပျော်မြို့နယ်၊ ငါးသိုင်းချောင်းမြို့နယ်၊ ငပုတောမြို့နယ်၊  ငရုတ်ကောင်းမြို့နယ်၊ ပုသိမ်မြို့နယ်၊ ဖျာပုံမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဒေးဒရဲမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ရေကြည်မြို့နယ်၊ လပွတ္တာမြို့နယ်၊ သာပေါင်းမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့တို့တွင် လည်းကောင်း  ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်/ဝန်ထမ်းများက သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များ၊ ခရိုင်များ၊ မြို့နယ်အသီးသီးတို့တွင် ပြည်သူများအား အသိပေးနှိုးဆော်ခြင်းများ၊ အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး  ဘေးအန္တရာယ်ကျရောက်နိုင်သော နေရာများမှ ပြည်သူများအား   ကြိုတင်ရွှေ့ပြောင်းပေးခြင်း၊ မိုးသက်လေပြင်းကျရောက်ခြင်းကြောင့် သစ်ပင်များလဲကျ၍ လမ်းပိတ်ဆို့မှု၊ ချောင်းရေကျော်နေမှုကြောင့် သွားလာရေးခက်ခဲမှုများကို ကူညီဆောင်ရွက်ပေးခြင်းနှင့်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ၊ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ၊ အရေးပေါ်ပြုစုခြင်း၊ အရေးပေါ်ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည်ဖြင့်မုန်တိုင်းဘေး အန္တရာယ်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။