ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် နိုင်ငံတစ်ဝန်းပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပပေတော့မည်။ သာသနာ့ဝန်ထမ်းရှင်ရဟန်းနှင့် သာသနာနွယ်ဝင် သီလရှင်များမှလွဲ၍ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးကြရမည်ဖြစ်သည်။ အသက်အရွယ်ကြီးရင့်သူများနှင့် လုပ်ငန်းဆောင်တာအရ ကြိုတင်မဲပေးရမည့် သူများလည်း ကြိုတင်မဲများ စတင်ပေးနေပြီဖြစ်သည်။ တပ်မတော်သည် ၂၀၁၁ ခုနှစ် မတ် ၃၁ ရက်မှစ၍ ရွေးကောက်ခံပါတီစုံဒီမိုကရေစီအစိုးရသို့ နိုင်ငံတော် အာဏာအရပ်ရပ်ကို လွှဲအပ်ခဲ့ပြီးဖြစ်သည်။
တပ်မတော်နှင့်ဒီမိုကရေစီအစိုးရ၏ အာဏာလွှဲပြောင်းလက်ခံမှုသည် ကမ္ဘာတွင်အကောင်းဆုံးနှင့် တည်ငြိမ်သော အာဏာလွှဲပြောင်းမှုအဖြစ် ကမ္ဘာက အသိအမှတ်ပြုကြသည်။ ထိုအချိန်က အချို့သော နိုင်ငံများ၏ ဒီမိုကရေစီအသွင် ကူးပြောင်းမှုသည် သွေးထွက်သံယိုမှုများ ရှိနေပြီး စိုးရိမ်ဖွယ်ရာ အခြေအနေ ကြုံတွေ့ခဲ့ရသည်။ နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဟူ၍ သတ်မှတ်ပြဋ္ဌာန်းထားသည့်အတိုင်း ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ပထမဒီမိုကရေစီအစိုးရသက်တမ်း ဖြစ်ခဲ့သည်။ ထိုမှတစ်ဖန် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ဒုတိယဒီမိုကရေစီ အစိုးရသက်တမ်းဖြစ်သည်။
ယခုအခါ တတိယအကြိမ် ဒီမိုကရေစီ အစိုးရပေါ်ပေါက်လာရေးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပခြင်း ဖြစ်ပေသည်။
ရွေးကောက်ပွဲဆိုသည်မှာ ပြည်သူလူထုက မိမိတို့ကိုအုပ်ချုပ်မည့်သူများအား ရွေးချယ်ပေးရခြင်းသဘောမျိုးဖြစ်သည်။ ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်နှစ်ရပ်အတွက်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် များအတွက် လည်းကောင်း လူတော်လူကောင်းများကို ရွေးချယ်ပေးခြင်းဖြစ်သည်။ မိမိတို့စိတ်ကြိုက်ရွေးရမည့် ပွဲကြီးပွဲကောင်းဖြစ်ပေရာ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ခွဲခြားသိမြင်ကာ ရွေးချယ်သင့်လှပေသည်။ သို့မဟုတ်ပါက လွဲမှားသွားခဲ့လျှင် အကြောင်းအကျိုးကို မသိတတ်သော သမင်တစ်ကောင်ကဲ့သို့ ဖြစ်နေပေလိမ့်မည်။
သမင်တစ်ကောင်သည် ကြည်လင်သော ရေအိုင်တစ်အိုင်၌ ရေသောက်နေစဉ် မိမိ၏အရိပ်ကို မိမိမြင်လေသော် ငါ၏ ဦးချိုများသည်ကား သစ်ကိုင်း၏ အခက်အလက်များကဲ့သို့ အလွန်တရာလှပ တင့်တယ်လေသည်။ ခြေထောက်များမှာမူကား သေးငယ်ဖြောင့်တန်း၍ တုတ်ချောင်းများကို ထောက်ထားဘိသကဲ့သို့ အလွန်အရုပ်ဆိုးစွ တကားဟု ဦးချိုတို့ကို ချီးမွမ်းပြီးလျှင် ခြေထောက်တို့ကို ကဲ့ရဲ့ပြစ်တင်လေသည်။ သမင်က ရေသောက်ပြီး တွေးတောနေစဉ်မှာပင် ဖျတ်ခနဲလူရိပ်လူယောင် တွေ့လိုက်ရသည်။
မုဆိုးတစ်ယောက်က သမင်ကိုခြေရာခံလိုက်လာခြင်းဖြစ်သည်။ မုဆိုးက သမင်ကိုတွေ့မြင်သည်၊ သမင်ကလည်း မုဆိုးကိုတွေ့မြင်သည်။ သမင်က လျင်မြန်စွာပြေးသည်။ မုဆိုးကလည်း လှံတံကိုကိုင်စွဲကာ သမင်နောက်သို့ ထက်ကြပ်မကွာ လိုက်လေသည်။ မုဆိုးက မုဆိုးပီပီ တောကျွမ်းလှသည်။ သမင်ကလည်း အပြေးမြန်ပါသည်။ သို့သော် သမင်သည် ကံဆိုးသွားခဲ့သည်။ သူ၏ခြေထောက်များက လျင်မြန်စွာပြေးလွှား လှုပ်ရှားနေ၍ ရန်သူ့စက်ကွင်းက လွတ်ကင်းနေသော်လည်း သူ၏ဦးချိုတို့သည် ချုံနွယ်ပိတ်ပေါင်းတို့နှင့် ငြိတွယ်နေသည်။
သမင်သည် သူ၏လှပသော ဦးချိုတို့ကြောင့် ယခုအခါ ဒုက္ခလှလှတွေ့နေရလေပြီ။ သူ မကြိုက်နှစ်သက်ခဲ့သော ခြေထောက်တို့သည် သူ၏အားကိုးရာ ဖြစ်ခဲ့သော်လည်း သူအလွန်နှစ်သက်ခဲ့သော ဦးချိုတို့သည်ကား သူ့အတွက်အန္တရာယ်ကို လက်ခံခိုင်းခဲ့သကဲ့သို့ ဖြစ်နေပေပြီ။ ငါသည် လေကဲ့သို့လျင်မြန်စွာ ပြေးသွားနိုင်သော ခြေထောက်များကို ကဲ့ရဲ့ပြစ်တင်မိသည်မှာ မှားလေစွတကားဟူ၍ နောင်တကြီးစွာ ရလေသည်။ နောင်တဆိုသည်မှာ နောက်ကျခြင်း၏ ရလဒ်၊ ဆုံးရှုံးခြင်း၏အဓိပ္ပာယ်၊ ဝမ်းနည်းခြင်း၏ အထိမ်းအမှတ်ဖြစ်ခဲ့လေပြီ။
ယခု ငါ၏ဦးချိုတို့ကြောင့် ငါသည် ဤကြမ်းကြုတ်ရက်စက်သော မုဆိုး၏ရှေ့မှောက်တွင် အသက်ပျောက်တော့မည် တကားဟူ၍ နောင်တအတွေးတို့ဖြင့် ရှိနေစဉ်မှာပင် သမင်သည် မုဆိုး၏လှံချက်အောက်တွင် အသက်ပျောက်သွား ခဲ့လေသည်။
ဤအကြောင်းအရာကလေးမှာ စိတ်ကူးယဉ်ပုံပြင်ဆိုသော်လည်း လူသားတို့၏ လက်တွေ့ဘဝနှင့်လွန်စွာ နီးစပ်လှသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျောင်းသင်ခန်းစာတွင် ထည့်သွင်းသင်ကြားခဲ့သည်။ အကြောင်းအကျိုးကို မသိတတ်သော သမင်တစ်ကောင်အကြောင်းဟူ၍ ခေါင်းစဉ်တပ်ထားသည်။ ထိုအကြောင်း အရာကိုပင် ဂီတစာဆိုတချို့က တေးအဖြစ်ရေးစပ်ကာ သီချင်းဖြစ်လာသောအခါ လူကြိုက်များသော သီချင်းတစ်ပုဒ်ဖြစ်လာခဲ့သည်။ ကဲ့ရဲ့ချီးမွမ်း၊ ဤနှစ်လမ်း၊ စုံစမ်းမြော်ထောက်ချင့်။ ကြောင်းကျိုးစုံလင်၊ မသိခင်၊ ဆောလျင်မပြုသင့်}}ဟူ၍ ကလေးတို့အတွက် ကဗျာလက်ဆောင် ရေးဖွဲ့ထားသည်မှာလည်း မှတ်သားဖွယ်ဖြစ်ရပါကြောင်း ရေးသားလိုက် ရပေသည်။ ။