ရန်ကုန်၊ မော်တော်ယာဉ်
လူစီးမော်တော်ယာဉ်များအတွက် မူလတန်ဖိုး (FOB) အပေါ် ကောက်ခံလျက်ရှိ သည့် ပြည်ပတင်သွင်း ယာဉ်မှတ် ပုံတင်ခ နှုန်းထားများကို ဖြေလျှော့ကောက်ခံလိုက် ခြင်းကြောင့် ၄ဝ ရာခိုင်နှုန်းအထိ မော်တော်ယာဉ်ဈေးနှုန်းများ ကျဆင်းနိုင်ကြောင်း သိရသည်။
''အကောက်ခွန်ရော၊ က.ည.န ပါ ဖြေလျှော့ ပေးလိုက်ပြီဆိုတော့ အဓိကက ပြည်ပကနေ တင်သွင်းတဲ့ ကားတွေ ဈေးနှုန်း သက်သာနိုင်တယ်။ အခုဖြေလျှော့လိုက်လို့ ချက်ချင်းဈေးကျသွားမှာ မဟုတ်ပါဘူး။ နောက်ပိုင်းမှ ဈေးကွက်ပေါ် သက်ရောက် နိုင်ပါတယ်။ ပြည်တွင်းမှာထုတ်တဲ့ SKD ကားတွေ ဈေးအများကြီး မကျနိုင်ဘူး။ ပြည်ပ ကနေ အစီးလိုက် သွင်းတဲ့ကားတွေက အထိုက်အလျောက်ဈေးကျနိုင်တယ်'' ဟု မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ရေး နှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကပြော သည်။
ထို့ကြောင့် SKD စနစ်ဖြင့် ထုတ်လုပ် နေသည့် ယာဉ်များမှာ ၅ ရာခိုင်နှုန်းအထိကျဆင်းနိုင်ပြီး ပြည်ပမှ အစီး လိုက်တင် သွင်းသည့်ယာဉ်များမှာ ၂ဝ ရာခိုင်နှုန်းမှ ၄ဝ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း သိရသည်။
'' SKD စနစ်နဲ့ ထုတ်တဲ့ ကားတွေက အရင်က ၁ဝ ရာခိုင်နှုန်း ကားရဲ့ထုတ်လုပ်မှု အပေါ်မှာ ကောက်တာဆိုတော့ ဈေးကွက်ကို သက်ရောက်မှုမရှိပါဘူး။ အများကြီးတော့ ဈေးလျော့သွားမှာမဟုတ်ဘူး'' ဟု မော်တော် ယာဉ် ရောင်းဝယ်ရေး အသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ပြောသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (က.ည.န)အနေဖြင့် COVID-19 ရောဂါကြောင့် ဖြစ်ပေါ်လာသော စီးပွားရေး ကျဆင်းမှုများကို ကုစားသည့် အနေဖြင့် လက်ရှိ နှုန်းထား၏ ရာခိုင်နှုန်း ထက်ဝက်ခန့် လျှော့ချ သတ်မှတ်ပေးခြင်းဖြစ်သည်။
သြဂုတ် ၇ ရက်မှစ၍ ပြည်ပတင်သွင်း ယာဉ်မှတ်ပုံတင် လာရောက်ဆောင်ရွက်သည့် ယာဉ်အားလုံးကို နှုန်းထား အသစ်ဖြင့် ဆောင်ရွက် ပေးမည်ဖြစ်ပြီး ငွေမသွင်းရသေးဘဲ ငွေတွက်ထားသည့် ယာဉ်များကိုလည်း ပြင်ဆင် တွက်ချက် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကို