အရေးကြီးပြီ‌ သွေးစည်းကြစို့

ယမန်နေ့မှအဆက်

ဒါဘယ်လိုလုပ်ရတာလဲ။ ဒီအဖြေကိုရအောင် ဘယ်လိုတွက်သလဲ။ ဦးလှစိုးကလည်း သူ့ကိုစိတ်ရှည် လက်ရှည်ပြပေးသည်။ မသိ၍မေးလာသည်ကို စေတနာနှင့် နားလည်အောင်ရှင်းပြသည်။ မသိလျှင်မေးရမည်။ မတတ်လျှင်သင်ရမည်။ မေးရဖို့သူမရှက်။ သင်ကြားရဖို့လည်း သူစိတ်အားထက်သန်သည်။ သို့မှပညာရမည်။ ပညာရမှ သူ့လုပ်ငန်းတွင် အထောက်အကူဖြစ်မည်။

ရွှေပြည်ကြီးတံတားသည် ပေတစ်ထောင်ခန့်ကျယ်သည်။ ရေထဲတွင်တိုင်ကြီးများစိုက်၊ သံဘောင်ကြီးများတင်၊ အခက်အခဲမရှိလှ။ သို့သော်ကြီးကြီးမားမား လုပ်ငန်းကြီးများတွင် လုပ်ဖူးကိုင်ဖူးသည့်အတွေ့အကြုံကြွယ်ဝ လာသည်။ သောင်းဒန်အလုပ်ဝင်စက မြေလတ်ဒေသတွင်ပြည်တော်သာ တံတားများ ဆောက်ခဲ့ဖူးသည်။ ယင်းတို့မှာ ပေ ၄၀၊ ပေ ၅၀ ကျယ်သောမြောင်းကျော် တံတားလေးများ၊ သစ်သားတံတားလေးများ သာဖြစ်သည်။

လူလေးငါး ခြောက်ယောက်နှင့် ဆောက်လိုက်လျှင် ပစ္စည်းပြည့်စုံသော် တစ်လလောက်နှင့်ပြီးသည့် တံတား များဖြစ်သည်။ ယခုရွှေပြည်ကြီးတံတား ကားသုံးနှစ်ကျော် ဆောက်ရသည်။ လူအင်အား၊ ပစ္စည်းအင်အား အများအပြား သုံးရသည့် တံတားဖြစ်သည်။ အင်ဂျင်နီယာ သင်တန်းက သင်ကြားပေးလိုက် သည့်သဘော တရားတို့ကို ဤတွင်အသုံးပြုရသည်။ ဟိုတုန်းကမူ သင်သည့်ဆရာကလည်းလိပ်ပတ်လည်အောင်မသင်နိုင်။ တို့တိတို့တိသာ သင်လိုက်သည်။ သူတို့တွင်ရေးရေးမျှသော အသိသာရခဲ့သည်။ ယခုလက်တွေ့နှင့် ယှဉ်လိုက် သည့်အခါ အသိတရားတို့ ကျယ်ပြန့်လာသည်။ လာဘ်မြင်လာသည်။ ချိန်ဆတတ်လာသည်။ အမှားများလည်း တွေ့ရသည်။ အမှားများလေအမှန်မြင်လေမဟုတ်လား။ သူ့ဆရာဦးလှစိုးကိုလည်း သောင်းဒန်များစွာကျေးဇူး တင်မိသည်။

ထိုအချိန်တွင်သောင်းဒန် ၂၇ နှစ်ခန့်ရှိနေပြီ။ အရွယ်ကောင်းချိန်ဖြစ်သည်။ အလုပ်လုပ်၍ကောင်းချိန်ဖြစ်သည်။ မိန်းမယူမည်ဆိုလျှင် ယူနိုင်ပြီ။ သို့သော်လုပ်စရာတွေ အများကြီးရှိသေးသည်။ မိန်းမယူဖို့မစဉ်းစားနိုင်သေး။ မြင့်မြင့်သန်းနှင့်ကား မီးဝေးချိတ်ဖြစ်သွားသည်။ သူရောမြင့်မြင့်သန်းပါ နှစ်ယောက်စလုံးသွေး အေးသွားကြ သည်။

ရွှေပြည်ကြီးတံတားပြီးလျှင် သောင်းဒန်သည်မြေစမ်းဌာနတွင် သောင်တင်ပြန်သည်။ ထိုအချိန်တွင် နိုင်ငံခြား ပညာတော်သင်သွားရန် အခွင့်အလမ်းတစ်ခုပေါ်လာသည်။ သွားရမည့်လူနှစ်ယောက်ဖြစ်သည်။ သောင်းဒန် သည် နှစ်ယောက်အနက် တစ်ယောက်ဖြစ်သည်။ လူငယ်လည်းဖြစ်၊ အလုပ်လည်းလုပ်သူဖြစ်လေရာ သူ့ကို ဌာနကြီးမှူးများက သဘောကျကြသည်။ နောက်တစ်ယောက်ကား အထက်က နိုင်ငံရေးသမားတို့အရှိန် အဝါနှင့် လျာထားသောပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ သွားရဖို့သေချာနေပြီ။ နှစ်နှစ်ပညာတော်သင်သွားပြီး ပြန်လာလျှင် မိန်းမယူတော့မည်။ သောင်းဒန်သည် စိတ်ကူးယဉ်၍ကောင်းနေသည်။

ထိုအချိန်တွင် သူ့ဆီသို့တင်ဦးရောက်လာသည်။ တင်ဦးသည် ဆည်မြောင်းဌာနမှပညာတော်သင်အဖြစ် အင်္ဂလန်သို့ သွားမည်ဖြစ်သည်။ “သူငယ်ချင်း၊ ငါ့ကိုပြောစမ်းကွာ။ မင်းနဲ့စိန်စိန် ဘယ်လောက်အထိဖြစ်ခဲ့ကြ သလဲ။ အခုအဆက်အသွယ်ရှိသေးသလား” သောင်းဒန် အံ့သြသွားသည်။ ကျောင်းတုန်းက စိန်စိန့် ကိုကြိုက်ကြသည့်အထဲတွင် တစ်ဦးတစ်ယောက်ပါမှန်း သိသည်။ တင်ဦးသာမဟုတ်။ ထိုအချိန်က အရွယ် ရောက်သူလူပျိုပေါက်မှန်လျှင် စိန်စိန်ကိုမပိုးဖူးသူမရှိ။ စိန်စိန်၏ မျက်လုံးဒဏ်ကို မခံနိုင်သူတို့တွင် တင်ဦး လည်း တစ်ယောက်အပါဖြစ်သည်။ သို့သော်တင်ဦးသည် ထိထိရောက်ရောက်ပိုးသူမဟုတ်။ ချောင်းကြည့်ပြုံး ပြန်၊ လသာတုတ်ခြစ်၊ ထရံခွာသံစူးမျှသာဖြစ်သည်။ သောင်းဒန်နှင့် စိန်စိန်တပူးတွဲတွဲ နေမှန်းသိသည်။ ချစ်ကြိုက်နေကြမှန်းသိသည်။ သို့သော် ခရီးမလွန်ကြသေးဟု အများက ပင်ယုံကြသည်။ အကြောင်းမူ သောင်းဒန်သည် စိန်စိန်နှင့်ချစ်ကြိုက်ပြီး ဘာမျှမကြာသေးမီအတွင်းမှာပင် ရန်ကုန်သို့ ဆင်းသွားသော ကြောင့်ဖြစ်သည်။ သည့်နောက် သောင်းဒန်နှင့်စိန်စိန်တို့  အဆက်ပြတ်သွားသည်မှာ ယခုထက်တိုင်ဖြစ်သည်။ ယခုစိန်စိန်လွတ်နေပြီ။

“နေစမ်းပါဦး။ အခုမင်းဘာဖြစ်လာတာလဲ။ မင်းအင်္ဂလန်သွားတော့မလို့ မဟုတ်လား။ စိန်စိန့်ခေါ်သွား မလို့လား” ဘာမျှမေး၍မရ။ တင်ဦးသည် တဟဲဟဲသာ ရယ်နေသည်။

“ငါနဲ့ဘာမှမဖြစ်ဘူး သူငယ်ချင်း၊ မင်းလည်းအသိပဲ”

“ဒါတော့မညာနဲ့သောင်းဒန်၊ မင်းတို့ချစ်ကြတာ ငါသိတယ်”

“အေး ဟုတ်ပါတယ် တင်ဦး။  တို့ချစ်ကြတယ်။နောက်ကွဲသွားကြတယ်”

“အခုစိန်စိန်ရန်ကုန်ရောက်နေပြီပဲဟာ။ မင်းတို့ ပြန်ဆက်မိကြမှာပေါ့”

“မဆက်မိပါဘူးကွာ။ ငါ့မှာ စိန်စိန့်ထက်သာတဲ့ ကောင်မတွေ ဝိုင်းဝိုင်းလည်နေတာပဲ။ ပြီးတော့ စိန်စိန် ကလည်း....” သောင်းဒန်ဆက်၍မပြော။

“စိန်စိန်ကဘာဖြစ်သလဲ။ ဆက်လေကွာ။ စိန်စိန် အခုဘာဖြစ်သလဲ။ စိန်စိန်နေတာ ထိုင်တာအားလုံးငါ သိတယ်။ စိန်စိန့်ဆီနေ့တိုင်း လိုလိုငါရောက်နေတာ”

“ဘာမှမဖြစ်ပါဘူးကွာ။ ကဲတင်ဦး ဒါတွေမပြောနဲ့။ အခုစိန်စိန်နဲ့ငါနဲ့ ဘာမှမဖြစ်ဘူး။ ဆက်လည်းမဆက်မိ ကြဘူး။ ဒါပဲ”

“ငါတော့မယုံဘူး”

“မယုံလည်း ငါဘာမှမတတ်နိုင်ဘူး”

“ပေးစမ်းကွာ မင်းသော့ မင်းသေတ္တာ ငါရှာကြည့်မယ်”

သောင်းဒန်သည် တင်ဦးကိုကြည့်ကာ တဟားဟား ရယ်မိသည်။ တင်ဦးဆိုတဲ့ကောင် အုံ့ပုန်းပဲဟူ၍လည်း စိတ်ထဲက မှတ်ချက်ချမိသည်။ ယခုကား တင်ဦးသည်မမျိုသိပ်နိုင်တော့ပြီ။ သူနိုင်ငံခြားသုံးနှစ်သွားမည်။ တစ်နေ့တွင် ဗိုလ်ချုပ်ဈေးရှေ့၌ စိန်စိန်နှင့်တွေ့လာရာမှ ငယ်ငယ်က ကျိတ်ပိုးပိုးခဲ့ရသည်တို့ ပေါ်လာသည်။

ထိုစဉ်ကမူ သူငယ်ချင်းအားလုံး သောင်းဒန်ကိုမပြိုင်နိုင်။ ထို့ကြောင့် လက်လျှော့ထားခဲ့ရသည်။ ယခုကားစိန် စိန်လွတ်နေပြီ။ ပြန်၍ဆက်ရသော် သူကလည်း နိုင်ငံခြားသွားတော့မည်။ နိုင်ငံခြားက ပြန်လာလျှင် ရာထူး ကောင်းကောင်း၊ နေရာကောင်းကောင်းရနိုင်မည်။ သူ့ကိုစိန်စိန်ငြင်းစရာမရှိ။ သို့ကြောင့် စိန်စိန့်ဆီမှကတိ စကားတစ်ခုရဖို့ အရေးကြီးနေသည်။ သို့သော်လည်း စိန်စိန့်အကြောင်းတွေးလိုက်လျှင်၊ စိန်စိန့်မျက်နှာမြင် လိုက်လျှင် စိန်စိန်နှင့်ဆက်စပ်နေသော သူ့ သူငယ်ချင်းသောင်းဒန်၏ မျက်နှာသည် အလိုလိုပေါ်လာသည်။

စိန်စိန့်ကိုစာမေးပွဲခန်းတွင် အဖြေစာအုပ်ပေးမိသဖြင့် သောင်းဒန်ဂျီတီအိုင်ကျောင်းရောက်လာပုံတို့ တရေးရေး ပေါ်လာသည်။ စိန်စိန်နှင့်သောင်းဒန်၊ သောင်းဒန်နှင့် စိန်စိန်။ တင်ဦးကြာကြာစိတ်ရှုပ်မခံတော့ဘဲ သောင်းဒန် ရှိရာပြေးလာခဲ့သည်။

“ရော့ပါဗျာ။ မင်းမယုံရင် ရှာကြည့်ပါ”

သောင်းဒန်၏သေတ္တာထဲတွင် ဘာမျှမရှိ။ စိန်စိန်၏ စာအားလုံးကိုစိန်စိန်ပြန်တောင်းသဖြင့် ပြန်ပေးလိုက် ပြီးဖြစ်သည်။

“ဒီဓာတ်ပုံကရောကွ၊ ဘယ်တုံးကပေးတာလဲ” စိန်စိန့်ဓာတ်ပုံကို သောင်းဒန်မေ့နေသည်။

“ဒါလား၊ ဟိုတုန်းကပေးထားတာပါကွာ။ သူပြန်မတောင်းလို့ ငါမပေးဘဲထားတာ။ ပြန်တောင်းရင် တော့ ပေးလိုက်မှာပါ”

“ပေးမနေနဲ့၊ အဲဒီဓာတ်ပုံငါ့ပေးလိုက်”

“ယူပါဗျာ၊ ယူသွားပါ” တင်ဦးကျေနပ်သွားသည်။ တင်ဦးသည် စိန်စိန့်ဓာတ်ပုံကိုပိုက်ကာ အင်္ဂလန် သို့သွား လေပြီ။ သူတို့နှစ်ယောက် ဘယ်လိုနားလည်မှုရှိကြသည်ကို သောင်းဒန်မသိ။ ယခုနေအခါတွင် သောင်းဒန်အဖို့ စိန်စိန့်ကိုလည်း မစဉ်းစားအား။ စိန်စိန်နှင့်တင်ဦး၏ ဆက်ဆံရေးသစ်ကိုလည်း စိတ်မဝင်စား။

သူ့အတွက် အရေးကြီးသည်မှာ ပညာတော်သင်သွားရေးပင်ဖြစ်သည်။ သွားရေးမှာလည်း သေချာနေပြီ။ သို့သော် သူမပိုင်သည့်အကြောင်းအချက်တို့ ရှိနေသည်ကို သူမသိ။ သွားရခါနီးတော့မှ သူ့ကိုမရွေးဘဲ နိုင်ငံရေး အရှိန်အဝါနှင့် သူ့အစားတစ်ယောက်ကို သူ့နေရာတွင် ရွေးလိုက်သည်။ ဌာနအကြီးအကဲတို့လည်း မတတ်နိုင်။ မူလကရွေးထားသူနှစ်ယောက်တွင် သောင်းဒန်သာ နေရာဖယ်ပေးလိုက်ရသည်။ နောက်တစ်ယောက်ကိုမူ မတို့ရဲ။ ထိုတစ်ယောက်သည်လည်း နိုင်ငံရေး အရှိန်အဝါ၊ အကပ်အရပ်နှင့် ရွေးချယ်ခြင်းခံရသူဖြစ်သည်။

သောင်းဒန်အဖို့ မျှော်လင့်ချက် ဆုံးပါးသွားပြီ။ သောင်းဒန် အကြီးအကျယ် စိတ်ညစ်သွားသည်။ သို့သော် မတတ်နိုင်။ သူ့တွင်အားကိုးမရှိ။ ကိုယ့်ကိုယ်ကိုယ်သာ အားကိုးသည်။ ကိုယ့်ပညာကိုယ်အားကိုးသည်။ သည် နေရာတွင်သူမဆိုထားနှင့်။ သူ့ကိုစောင်မကြည့်ရှုသည့် ဆရာသမားတို့ပင် မတတ်နိုင်။ သောင်းဒန်ကား အညာသား။ အငယ်တန်းအင်ဂျင်နီယာလေး တစ်ယောက်မျှသာ ဖြစ်သည်မဟုတ်လား။ သို့နှင့်သူစိတ် လေခဲ့သည်။

ထိုအချိန်တွင်ကမ္ဘောဇတိုင်းနှင့် မြန်မာပြည်မကိုဆက်သည့် လမ်းသစ်တစ်ခုတွင် တံတားဆောက်ရန်လုပ်ငန်း တစ်ခုပေါ်လာသည်။ ထိုမတိုင်မီလေးမှာပင် မြင့်မြင့်သန်းနှင့်ပြန်၍ ဆက်မိသည်။ မြင့်မြင့်သန်းသည် ရန်ကုန် တက္ကသိုလ်သင်္ချာဌာနတွင် နည်းပြဆရာမဖြစ်နေပြီ။ မဟာသိပ္ပံတန်းဆက်၍တက်နေသည်။ သည်တစ်ခါတွင်မူ မြင့်မြင့်သန်း၏ အညုအတာတို့သည် စိန်စိန်၏ ရီဝေေ၀မျက်လုံးအစုံထက် ပိုခရီးရောက်သွားသည်။ 

မြင့်မြင့်သန်းဆီ နေ့တိုင်းသွားသည်။ တစ်ခါစကားပြောလျှင် နှစ်နာရီခန့်ကြာသည်။ ညနေ ၄ နာရီမှ ၆ နာရီ အထိ နေ့တိုင်းလိုလိုပင် အင်းလျားဆောင်၌ အချိန်ကုန်လေ့ရှိသည်။

သို့နှင့်ကမ္ဘောဇတံတားငယ်တစ်ခု ဆောက်အပြီးတွင် သောင်းဒန်သည် မြင့်မြင့်သန်းနှင့်လက်ထပ်လိုက်လေ သည်။ စိတ်ဓာတ်ပျက်ပြားခြင်း၊ စိတ်အားငယ်ခြင်းတို့သည် မြင့်မြင့်သန်း၏ အပြုအစု၊ အယုအယတွင် ကြွေလွင့်ပျက်ပြုန်းကြရလေသည်။

ထို့နောက် သောင်းဒန်သည် ရန်ကုန်နှင့်ပဲခူးတို့တွင် တစ်လှည့်စီလိုလို တာဝန်ထမ်းဆောင်ရသည်။ ဗိုလ်ချုပ် ကြီး၏ အိမ်စောင့်အစိုးရတက်သည့်အခါတွင်ကား ဥက္ကလာပမြို့သစ် တည်သည့်အဖွဲ့တွင် တာဝန်ကျလေ သည်။ ထို့နောက် ရန်ကုန်ခရိုင်ရုံးတွင် တာဝန်ကျသည်။ ထိုအချိန်တွင် တော်လှန်ရေးအစိုးရတက်လာသည်။ သောင်းဒန်နှင့်မြင့်မြင့်သန်းတို့တွင် သားသမီးသုံးယောက်ပင်ထွန်းကားလာပြီ။ မြင့်မြင့်သန်းကား မဟာသိပ္ပံ အောင်ကာ ရန်ကုန်တက္ကသိုလ်မှာပင် နည်းပြဆရာမအဖြစ်မြဲနေသည်။  

ဆက်လက်ဖော်ပြပါမည်။