ပြည်တွင်း၌ ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်း အများဆုံးဖြစ်

ရန်ကုန်၊ ရင်းနှီးမြှုပ်နှံမှု

ပြည်တွင်း၌ ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံ မှုမြင့်တက်လာပြီး  ရန်ကုန်တိုင်းဒေသကြီး အတွင်း  အများဆုံးဖြစ်ကြောင်း မြန်မာ နိုင်ငံ ကုန်သည်များနှင့်    စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေး ၏ ပြောဆိုချက်အရ သိရသည်။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံမှုမှာ ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါအထူး စီးပွားရေး ဇုန်အတွင်း အများ ဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ခန့်ရှိသည်။ ၂ဝ၁၆ ခုနှစ် မတ်လကုန်အထိ  ပြည်တွင်း၌  ဂျပန်နိုင်ငံ၏   ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၆ဝဝကျော် သာရှိခဲ့သော်လည်း   လေးနှစ်တာကာလ အတွင်း ရင်းနှီးမြှုပ်နှံမှု  သုံးဆကျော်မြင့် တက်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံ အနေဖြင့် သီလဝါ အထူးစီးပွားရေးဇုန်   အကောင် အထည်ဖော်ရေးအပါအဝင်တိုယိုတာ၊ ဆူဇူကီး စသည့် မော်တော်ယာဉ်တပ်ဆင် ထုတ်လုပ် ရောင်းချရေး လုပ်ငန်းများပါ ဝင်ရောက် လုပ်ကိုင်လာခဲ့ကြောင်း   သိရသည်။   ထို့ပြင်  ပြီးခဲ့သည့်ရက်ပိုင်းက  ဂျပန်ကုမ္ပဏီကြီး သုံးခုသည်  ပြည်တွင်းမှ   ကုမ္ပဏီများနှင့်ပူးပေါင်း၍ သီလဝါအထူး စီးပွားရေးဇုန်၌ သဘာဝ ဓာတ်ငွေ့ရည်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းကို ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

''ဂျပန်နိုင်ငံက   ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်နေတာက   မြန်မာ့စီးပွားရေး အတွက် အားတစ်ခုပါပဲ။ သူတို့က သေချာလေ့လာပြီးမှ  ဝင်ရောက်လုပ်ကိုင်လေ့ရှိ တယ်။ မြန်မာနိုင်ငံက အလားအလာကောင်း တွေရှိလာလို့ ဂျပန် လုပ်ငန်းရှင်တွေ စိတ် ဝင်စားလာကြတာပါ။ ဒီလေးနှစ်တာကာလ အတွင်း  လုပ်ငန်းတော်တော်များများမှာ သိသိ သာသာ တိုးတက်ဝင်ရောက် လာကြတယ်။ သီလဝါ အထူးစီးပွားရေးဇုန်မှာ ဆိုရင်   ဂျပန်လုပ်ငန်းစုတွေ  အများဆုံး ဝင်ရောက်ထားတာ တွေ့ရတယ်။ နောက် ထပ်ဝင်ရောက်လာဖို့လည်း ရှိနေပါတယ်။ မြန်မာ လုပ်ငန်း ရှင်တွေ အတွက်လည်း ပူးပေါင်းလုပ်ဆောင်မှုတွေကနေ တစ်ဆင့် နည်းပညာတွေ ရရှိလာမယ်''ဟု ဒေါက်တာ မောင်မောင်လေးက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း ဂျပန်နိုင်ငံမှ ဘဏ်များနှင့် အာမခံ ကုမ္ပဏီတချို့ ဝင်ရောက်လုပ်ကိုင်နေခြင်းမှာ စီးပွားရေး ထပ်မံတိုးချဲ့ရန်   အခွင့်အလမ်း တစ်ခုဖြစ်လာ မည်ဖြစ်ပြီးမြန်မာနိုင်ငံအတွင်း  ရင်းနှီး မြှုပ်နှံ ထားသည့် နိုင်ငံပေါင်း ၅၁ နိုင်ငံတွင် ဂျပန်နိုင်ငံသည်  အဆင့် (၉) နေရာ၌ ရပ်တည်လျက်ရှိကြောင်း၊ ထပ်မံ ဝင်ရောက် လုပ်ကိုင်ရန်လည်း ဂျပန်စီးပွားရေးလုပ်ငန်း များကို  ဖိတ်ခေါ်ထားကြောင်း  သိရသည်။ 

မြန်မာနိုင်ငံ၌ လေးနှစ်တာကာလ အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်း အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံ ကျော် ဝင်ရောက် ထားကြောင်း  သိရသည်။

စိုးမိုး