အရေးကြီးပြီ သွေးစည်းကြစို့

ယမန်နေ့မှအဆက်

သူတို့သည် ထိုအချိန်အထိ အိုးမကွာ အိမ်မကွာနေကြရသည်။ ပဲခူးပြောင်းရစဉ်ကမူ မြင့်မြင့်သန်းနှင့် ကလေးနှစ်ယောက် ရန်ကုန်တွင်နေရစ်ခဲ့သည်။ ပဲခူးတွင် မကြာလှ။  ဥက္ကလာပမြို့သစ်အဆောက်တွင် ရန်ကုန်သို့ ပြန်ရောက်လာသည်။

တော်လှန်ရေးအစိုးရတက်လာပြီးနောက် တံတားဆောက်ရန် အခွင့်အလမ်းတစ်ခု ပေါ်လာပြန်သည်။

ယင်းမှာ ရန်ကုန်ဆင်ခြေဖုံးတွင် ရွှေပြည်ကြီးချောင်းကို ဖြတ်ကူးမည့် သီရိကျက်သရေတံတား ဆောက်လုပ်ရေးပင် ဖြစ်သည်။ သီရိကျက်သရေတံတားကို ကိုလံဘိုစီမံကိန်း အကူအညီအရ အင်္ဂလိပ်အစိုးရက သိန်း ၁၆၀ အကုန်အကျခံကာ ဆောက်လုပ်ပေးမည်။ ဆောက်လုပ်မည့်သူမှာ အင်္ဂလန်ပြည် မက်ကော ကန်ထရိုက်များ ဖြစ်သည်။

ထိုအချိန်တွင် သောင်းဒန်၏ သူငယ်ချင်းများ ဖြစ်ကြသော သော်ကောင်းနှင့်ကျော်ဆွေတို့ ရန်ကုန်သို့ ရောက်နေကြပြီ။ သော်ကောင်းသည် ဥက္ကလာပမြို့သစ်ဆောက်လုပ်ရေးမှာ တာဝန်ယူအပြီး ရုံးချုပ်တွင် စားပွဲထိုင်ရသော အလုပ်တစ်ခု၌ မြဲနေသည်။ ကျော်ဆွေကား ဟံသာဝတီခရိုင်တွင် တာဝန်ထမ်းရသည်။ သူငယ်ချင်းတစ်သိုက် ရန်ကုန်တွင် ပြန်ပေါင်းထုပ်ကြသည့် အချိန်ဖြစ်သည်။ အတွေ့အကြုံလည်း စုံနေကြပြီ။

ရာထူးအားဖြင့်မူ သူတို့တစ်သိုက်တွင် သောင်းဒန်အငယ်ဆုံးဖြစ်သည်။ သော်ကောင်းရော ကျော်ဆွေပါ လမ်းဝန်ထောက်များ ဖြစ်ကြသည်။ သောင်းဒန်သာလျှင် လမ်းဗိုလ်ဘဝ၌ ရှိနေသေးသည်။

သီရိကျက်သရေတံတား ဆောက်လုပ်ရေးတွင် မက်ကော ကန်ထရိုက်များနှင့်တွဲလျက် အလုပ်လုပ်ရမည့် မြန်မာအင်ဂျင်နီယာတစ်ယောက် လိုနေသည်။

တံတားဆောက်အတွေ့အကြုံရှိသူကို  ပို၍လိုချင်သည်။ သောင်းဒန်လည်း ထိုအချိန်တွင် ရာထူးတက်ဖို့ နီးနေသည်။ ရာထူးတက်လျှင် နယ်သွားရမည်။

မြင့်မြင့်သန်းက ရန်ကုန်တွင်မြဲနေသည်။ သူကနယ်သွားရလျှင် အဆင်မပြေ။ အဆင်ပြေမည့်နည်းမှာ တစ်ခုသာရှိသည်။ သီရိကျက်သရေတံတား ဆောက်လုပ်ရေးသို့ ဝင်လိုက်ရန်ပင်ဖြစ်သည်။

သောင်းဒန်ကား ရန်ကုန်တွင်မနေချင်တော့။ ရန်ကုန်ကို ငြီးငွေ့လာပြီ။ ရာထူးတက်ကာ နယ်သို့ ပြောင်းချင်သည်။ မြင့်မြင့်သန်းကို အလုပ်မှထွက်ခိုင်းမည်။ နယ်တွင် ကျောင်းဆရာမဝင်၍လုပ်ခိုင်းမည်။ မဟာသိပ္ပံရင့်မကြီး တစ်ယောက်လုံးဖြစ်နေရာ အထက်တန်းပြဆရာမတစ်နေရာတော့ ရကောင်းရဲ့ဟာ သောင်းဒန်တွက်ထားသည်။ သို့သော်လည်း မြင့်မြင့်သန်းကရန်ကုန်မှမခွာချင်။ ထို့ကြောင့် သီရိကျက်သရေမှာပဲလုပ်လိုက်ပါမောင်ရဲ့ ဟု တိုက်တွန်းသည်။

မောင်လည်း အတွေ့အကြုံရတာပေါ့

ဟုတ်ပါသည်။ အတွေ့အကြုံကို သူလိုချင်ပါသည်။

သို့သော်လည်း  ရခဲ့သည့် အတွေ့အကြုံများကို သောင်းဒန်စိတ်နာနေသည်။ အလုပ်ကို ဖိဖိစီးစီးလုပ်သည်။ စေတနာ ထား၍ လုပ်သည်။ နေ့မနား ညမနားလုပ်သည်။ သို့ရာတွင် အခွင့်အလမ်းပေါ်၍ ချီးမြှင့်စရာရှိသည့်အခါ သောင်းဒန်တို့ ဘေးဖယ်ခံရသည်။

နိုင်ငံခြားသို့ ပညာတော်သင်သွားရန် အရွေးခံရပြီးလျက် ကျန်ခဲ့ရသည်။ ထိုအချိန်ကား နိုင်ငံရေးအစိုးရ လက်ထက်ဖြစ်လေသည်။

မောင်တို့ဟာ အင်ဂျင်နီယာတွေ၊ ဆောက်လုပ်ရေးသမားတွေ၊   အတွေ့အကြုံကိုရှာရမယ်။   ရတဲ့အတွေ့အကြုံတွေနဲ့  လမ်းသစ်တွေဖောက်ရမယ်။

တံတားသစ်တွေဆောက်ရမယ်။ တိုက်တာအိမ်ခြေအဆောက်အအုံသစ်တွေဆောက်ရမယ်။ လုပ်ရင်းကိုင်ရင်းနဲ့ ပညာပြည့်လာမယ်။ ဒါမှ တိုင်းပြည်ကို အကျိုးပြုရာရောက်မယ်။ တိုင်းပြည်ကပေးတဲ့ လခယူ၊ စားပွဲ ကုလားထိုင်ပေါ်ရောက်ရင် ပင်ပင်ပန်းပန်း မလုပ်ချင်၊ ရေသာခိုနေ။ မောင်တို့ ဒီလိုလူစားမျိုး မဟုတ်ဘူး။ အင်ဂျင်နီယာရဲ့အလုပ်ဟာ ရုံးပေါ်မှာ မရှိဘူး။ အပြင်မှာရှိတယ်။ တိုက်တာ အဆောက်အအုံတွေ၊ လမ်းတွေ၊ တံတားတွေမှာရှိတယ်။ အင်ဂျင်နီယာဟာ အုပ်ချုပ်ရေးသမားမဟုတ်ဘူး။ တည်ဆောက်ရေးသမား ဒီတော့...

ကဲ တော်ပါတော့၊ မြင့်ကို တရားဟောမနေပါနဲ့။ မောင့်လုပ်ဖော်ကိုင်ဖက်တွေသွားပြီးဟောပါ။ မြင့်တော့ ရန်ကုန်မှာ မောင်နဲ့မခွဲမခွာနေချင်တာပဲ။

ဒါကြောင့် မောင့်ကို သီရိကျက်သရေတံတားမှာ လုပ်ခိုင်းတာပဲ

ဟိုကောင်ကြည့်ပါလား၊ သိုက်ထွန်းလေ။ နယ်ကနေ ရန်ကုန်ရုံးကြီးလည်းရောက်ရော ဗိုက်ရွှဲလာပြီး အရာရှိဆန်လာတာပဲ။ ဒီကောင် ရန်ကုန်ကိုလာချင်တာ မဟုတ်ဘူး။ နယ်မှာနေချင်တာ။ ပြည်တော်သာ ခေတ်တုန်းက သိပ်ပွတာပေါ့။ ပြည်နယ်တစ်ခုမှာ လမ်းတွေဖောက်လိုက်တာ သောင်းချီ သိန်းချီပြီးရတယ်လို့ ပြောကြတာပဲ။ အဲဒီမှာ  လမ်းတွေဘယ်လိုပဲဖောက်ပေမယ့် မိုးတွင်းရောက်တော့ တောင်ပြိုပြန်ရော၊ လမ်းတွေဖုံးသွားပြန်ရော။ နောက်တစ်နှစ် ထပ်ပြီး ဖောက်ပြန်ရော။ ကန်ထရိုက်လည်းပွ၊ အင်ဂျင်နီယာလည်းပွလို့ ဆိုကြတာပဲ

ဒါတွေက ပြည်တော်သာခေတ်ကပါမောင်ရယ်။

အခုခေတ်မှာ ဒါမျိုးတွေမရှိတော့ပါဘူး။ ကန်ထရိုက်စနစ်တွေတောင် ဖြုတ်ပစ်ပြီဟာပဲ

ကန်ထရိုက်အငယ်လေးတွေတော့ ရှိပါသေးတယ်ကွာ။ ဟား၊ ဟား၊ ငါ မှတ်မိသေးတယ်။ ကန်ထရိုက် အသေးစားကလေးကလည်း အင်ဂျင်နီယာကို အရက်တော့ တိုက်ရသေးတာပဲ။ တို့ရဲဘော် ကိုအုန်းဖေပေါ့။ အိမ်စောင့်အစိုးရလက်ထက်မှာ ကိုအုန်းဖေ ထောင်ကျတယ်။ ထောင်ကလွတ်လာတော့ ဦးနုအစိုးရနဲ့ဗိုလ်ချုပ်ကြီးရဲ့  တော်လှန်ရေး အစိုးရအကူးမှာ ကိုအုန်းဖေက ကန်ထရိုက်လုပ်တယ်လေ။ အင်းစိန်ဘက်မှာ အစိုးရအိမ်ကလေးနှစ်လုံး  ဆောက်စရာရှိတယ်။  မောင်နဲ့သော်ကောင်းတို့တစ်တွေ ဝိုင်းပြီးဈေးအနည်းဆုံး တင်ဒါတွက်ပေးလိုက်တယ်။ ရနိုင်အောင်ကို တွက်ပေးလိုက်တာ၊ ရပါလေရောဗျာ။ ခင်ဗျားဒီတစ်ခါတော့ နည်းနည်းပဲမြတ်မယ်၊ ကိစ္စမရှိဘူး။ ဆက်လုပ်။ ဒါမှ ကန်ထရိုက်စာရင်းဝင်ဖြစ်သွားမယ်။ တခြားအိမ်သာဆောက်၊ ဆေးသုတ်၊ အဟောင်းပြင် ဆိုတဲ့ဟာလေးတွေရမှာပဲ။ အဲဒါတွေက ကျန်တာနဲ့ထေရမှာပေါ့။ နောက်တော့ မြတ်လိမ့်မယ်လို့ မြှောက်ပေးရတာပေါ့။ အဲဒါအိမ်ကလေးနှစ်လုံး ဆောက်ပြီး ငွေတောင်း၊ ငွေတောင်းတော့ တစ်ရစ်စီ တစ်ရစ်စီတောင်းရတယ်။ အင်ဂျင်နီယာဘက်က တိုင်းတာပြီး ဟုတ်ပါတယ်။ မှန်ပါတယ်။ ပစ္စည်းများ ကောင်းပါတယ်။ အမျိုးမှန်ပါတယ်ဆိုမှ တာဝန်ခံ အင်ဂျင်နီယာက လက်မှတ်ထိုးပေးတာကိုး။ အဲဒါ လက်မှတ်ထိုးမယ့် အင်ဂျင်နီယာ ဦးသောင်းစိန် ဆိုတာက အင်တင်တင်လုပ်နေလို့ တို့တစ်တွေ ကိုအုန်းဖေကို ဝီစကီပုလင်း အဝယ်ခိုင်း၊ ဦးသောင်းစိန်ဆီ သွား၊ ဦးသောင်းစိန်နဲ့ ဝီစကီသောက်ကြ၊ ဦးသောင်းစိန်လည်း တို့တစ်တွေပါလာတော့ ခပ်လန့်လန့် ဖြစ်နေတာပေါ့။ သူ့မှာလည်း တာဝန်ဝတ္တရားအရသာ  အင်တင်တင်လုပ်ရတာ တူပါရဲ့။ တို့က ဒါကျွန်တော်တို့သူငယ်ချင်း ကိုအုန်းဖေပဲ။ ခေတ်ကောင်းရင် ဝန်ကြီးတောင် ဖြစ်နိုင်တယ်။

အခုခေတ်မကောင်းလို့ ကန်ထရိုက်လုပ်နေရတာ၊ ဘာညာနဲ့ လုပ်ရတာပေါ့။ ဦးသောင်းစိန်က ခင်ဗျားတို့ လူသိုက်တော့ ကြောက်ပါပြီဗျာဆိုပြီး ရှောရှောရှူရှူလက်မှတ်ထိုးပေးလိုက်တယ်။  ကိုအုန်းဖေခမျာ မမြတ်ရှာပါဘူးကွာ၊  အရင်းသာသာပဲ  ရသွားရှာတယ်

အခု အဲဒီကိုအုန်းဖေ ဘယ်ရောက်နေလဲ

ကုန်သွယ်ရေးမှာလေ။ လခ ရှစ်ရာလောက် ရနေတယ်။ တစ်နေ့ကတောင် ဦးသောင်းစိန်တစ်ယောက် သူ့အကူအညီနဲ့ ရှားပါးတဲ့ပစ္စည်းတွေ ထုတ်လာသေးတယ်။ ဟား ဟား ဟား၊ တို့လူ မခေဘူးဆိုတာတော့ဦးသောင်းစိန် ကောင်းကောင်းသိနေပြီကွ

ကဲပါ၊ ဒါတွေ အသာထားစမ်းပါဦး။ ဘယ်လိုလဲ၊

သီရိကျက်သရေမှာ လုပ်မယ်မဟုတ်လား

အင်း မြင့်က လုပ်စေချင်တယ်ဆိုတော့ လုပ်ရတော့မှာပေါ့ကွာ

တော်ပါ၊ ပိုမနေပါနဲ့

ဤသို့ဖြင့် သောင်းဒန်သည် သီရိကျက်သရေတံတားဆောက်လုပ်ရေးတွင် မက်ကော ကန်ထရိုက်များနှင့်တွဲ၍လုပ်ရသည်။ ထိုအချိန်တွင် သူ၏ရာထူးသည်လည်း လမ်းဗိုလ်မှ လမ်းဝန်ထောက်အဆင့်သို့ တက်သွားလေပြီ။ သို့သော်လည်း သူ့ကိုမူ မြန်မာအစိုးရ လမ်းလုပ်ငန်းဌာနက မက်ကောကန်ထရိုက်သို့ ငှားလိုက်ရသည်။ မက်ကောက သောင်းဒန်ကို တစ်လ ၆၀၀ ပေးသည်။ သူနှင့်အတူ လမ်းလုပ်ငန်းဌာနမှ အင်ဂျင်နီယာများလည်း  သီရိကျက်သရေ တံတားဆောက်လုပ်ရေးတွင် တွဲဖက်လုပ်ကိုင်ကြသည်။ ထိုအထဲတွင် သော်ကောင်း ပါလာသည်။

သောင်းဒန်သည် မစ္စတာဟန့်တား၊ မစ္စတာဒေးဗီးဟုခေါ်သော   အင်္ဂလိပ်အင်ဂျင်နီယာနှစ်ယောက်အောက်၌ လုပ်ရသည်။ သည်အခါတွင်မှ နိုင်ငံခြား ကုမ္ပဏီများ၏ လုပ်ထုံးလုပ်နည်းကို သူတို့ နီးနီးကပ်ကပ်လေ့လာရသည်။ ဟန့်တားနှင့်ဒေးဗီးတို့ အုပ်ချုပ်သည်မှာ အင်ဂျင်နီယာဌာနဖြစ်သည်။ အခြားဌာနတစ်ခုမှာ ဆောက်လုပ်ရေးဌာနဖြစ်သည်။ အင်ဂျင်နီယာဌာနက ဆောက်လုပ်ရေးအတွက် တွက်ချက်တိုင်းတာကာ ပုံစံထုတ်ပေးရသည်။ လုပ်ထုံးလုပ်နည်း ညွှန်ကြားပေးရသည်။ ဆောက်လုပ်ရေးဌာနက အင်ဂျင်နီယာဌာနမှ ထုတ်ပေးသော ပုံစံအတိုင်း၊  ညွှန်ကြားချက်အတိုင်း ဆောက်လုပ်သည်။ ဆောက်လုပ်ရေးတွင်လည်း ဗရိုက်၊ ကောလင်း၊ မက်ဟီး စသော အင်ဂျင်နီယာများက ဦးစီးသည်။ မြန်မာအစိုးရ လမ်းလုပ်ငန်းဌာနက ကျွမ်းကျင်သော အလုပ်သမားများ ခန့်ထားပေးရသည်။ အတွေ့အကြုံကား များစွာရလေသည်။

ဆက်လက်ဖော်ပြပါမည်။

ကျော်အောင်