နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း မိုခါမုန်တိုင်းဘေးဒဏ်သင့်ခဲ့သည့် ဌာနများမှ ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း မိုခါမုန်တိုင်းဘေးဒဏ်သင့်ခဲ့သည့် ဌာနများမှ ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

စစ်တွေ  မေ  ၃၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်း ဘေးဒဏ်သင့်ခဲ့သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနများမှ ဝန်ထမ်းများအား ထောက်ပံ့ငွေ နှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်၍ ဆိပ်ကမ်းများသို့   ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး ပစ္စည်းများ ထပ်မံရောက်ရှိလာမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် စစ်တွေမြို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီး ဆိပ်ခံတံတား   ရှင်းလင်းဆောင်၌ ကျင်းပသည့် ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဘေးဒဏ်သင့်ခဲ့သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနများမှဝန်ထမ်းများအား ထောက်ပံ့ငွေ နှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ဗိုလ်ချုပ်ကြီးတင်အောင်စန်းက မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် မိမိတို့ဌာနများတွင် လည်း အုပ်ချုပ်မှုအဆောက်အအုံများ၊ လူနေအဆောက်အအုံများ ထိခိုက်ပျက်စီးမှုရှိခဲ့ပါကြောင်း၊  ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ခွဲဝေရရှိမှုအပေါ်မူတည်၍ ဦးစားပေး အစီအစဉ်အလိုက်  ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုပေးအပ်သည့် ထောက်ပံ့ငွေများသည် လတ်တလောအရေးပေါ်သုံးစွဲရမည့် ကိစ္စရပ်များအတွက် အထောက်အပံ့ ဖြစ်စေရန်  ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မုန်တိုင်းဒဏ်သင့် အခြားဒေသများသို့   ဆောလျင်စွာ ပေးပို့ထောက်ပံ့သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ရာ ဌာနအလိုက် တာဝန်ရှိသူများက လက်ခံရယူကြပြီး ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ယင်းနောက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ခံတံတား၌ AQUARIUS သင်္ဘောပေါ်မှ ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုမည့်ပစ္စည်းများကို စက်ယန္တရားကြီးများဖြင့် ဆိပ်ကမ်း ပေါ်သို့ ပို့ဆောင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ သွားရောက်၍ ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ သယ်ဆောင်လာသည့် စစ်ရေယာဉ်မြစ်ကြီးနား ဆိုက်ရောက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရောက်ရှိလာသည့် ပြန်လည်ထူထောင်ရေး ပစ္စည်းများ အား   ဘေးသင့်ဒေသများသို့ ဆောလျင်စွာ ဖြန့်ခွဲပေးပို့နိုင်ရေး စနစ်တကျ စီမံဆောင်ရွက်သွား ကြရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ပြည်နယ်ဝန်ကြီးချုပ်   ဦးထိန်လင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်တို့သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး   လုပ်ငန်း ကော်မတီအလိုက် တာဝန်ရှိသူများ၏ ပြန်လည်ထူထောင်ရေးဆိုင်ရာတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်သင့် မြို့ရွာများ သန့်ရှင်းသော သောက်သုံးရေရရှိစေရေးအတွက် ရွေ့လျားရေသန့်ကားများ၊ Life Straw (ရေနောက်မှ ရေကြည်သို့ သန့်စင်ပေးသည့်) ရေသန့်စက်များ၊ ဆိုလာစနစ်သုံး  ရွေ့လျားရေသန့်စက်များ ဖြင့် ဖြန့်ဝေပေးလျက်ရှိသည်။

ရွေ့လျားရေသန့်ကားများကို စစ်တွေမြို့နယ်တွင် သုံးစီး၊ ရသေ့တောင်မြို့နယ်တွင် နှစ်စီး၊ မင်းပြား မြို့နယ်တွင် တစ်စီး ဖြန့်ခွဲပေးပို့ထားပြီး  ထပ်မံရောက်ရှိလာမည့် ရွေ့လျားရေသန့်ကား   သုံးစီးကိုလည်း ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် မြောက်ဦးမြို့နယ်တို့သို့   အမြန်ဆုံးပေးပို့သွားမည် ဖြစ်သည်။

အဆိုပါ ရွေ့လျားရေသန့်ကားများသည် တစ်နာရီလျှင် ရေဂါလန် ၈၀၀ သန့်စင် ပေးနိုင်ပြီး  မေ ၁၆ ရက်မှ ၃၁ ရက်အထိ သက်ဆိုင်ရာမြို့နယ်၊ ကျေးရွာ၊ ရပ်ကွက် အသီးသီး၌ သန့်ရှင်းသော သောက်သုံးရေ ဂါလန် ၂၈၅၅၀၀ ဖြန့်ဝေပေးနိုင်ခဲ့ပြီးဖြစ်သည်။

အလားတူ လျှပ်စစ်ဓာတ်အား မလိုအပ်သည့် တစ်နာရီလျှင် သုံးဂါလန်ခန့် သန့်စင် ပေးနိုင်သော Life Straw (ရေနောက်မှရေကြည်သို့ သန့်စင်ပေးသည့်) ရေသန့်စက်အလုံး ၂၁၀ ကို စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တောနှင့် မြေပုံမြို့နယ်တို့အတွင်းရှိ ကျေးရွာပေါင်း ၁၄၃ ရွာသို့ ဖြန့်ခွဲပေးပို့ထားပြီး ယင်းရေသန့်စက်တစ်လုံးသည် လူဦးရေ ၁၀၀ အတွက် တစ်နေ့တာသောက်သုံးရန် ရေကိုလုံလောက်စွာ သန့်စင်ပေးနိုင်ကြောင်း သိရသည်။

ထို့အတူ မြေသားရေစုကန်မှ နောက်ကျိနေသောရေများကို စုပ်ယူသန့်စင်ပေးနိုင်သည့် ဆိုလာသုံး ရွေ့လျားရေသန့်စက် သုံးစုံဖြင့် စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်များ၌ လှည့်လည်သန့်စင် ဖြန့်ဝေပေးလျက် ရှိပြီး အဆိုပါရေသန့်စက်များသည် တစ်နာရီလျှင် ဂါလန် ၃၀၀ ခန့် သန့်စင်ပေးနိုင်သည်။ ထို့ပြင် ဆိုလာစနစ်သုံးရေသန့်စက် ၁၇ လုံး ထပ်မံရောက်ရှိလာမည်ဖြစ်ပြီး မုန်တိုင်းဒဏ်သင့်မြို့နယ်များ အတွင်းရှိ ကျေးရွာများသို့ ဆက်လက်ဖြန့်ခွဲပေးပို့သွားမည် ဖြစ်သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်ပြီး မေ ၂၃ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ်သတ်မှတ်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းအပ်နှံလက်ခံမှုများ ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်အတွင်းရှိ   အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ယနေ့ အထိ  အခြေခံပညာ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းအပ်နှံမှုအခြေအနေမှာ မြို့နယ် ၁၇ မြို့နယ်တွင်  စုစုပေါင်း  ၃၇၄၉၀၄ ဦး  ကျောင်းအပ်နှံခဲ့ပြီးဖြစ်ကြောင်းနှင့်  ရခိုင်ပြည်နယ်အတွင်းရှိ  အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများအားလုံး တစ်ပြိုင်တည်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း  သတင်းရရှိသည်။

(သတင်းစဉ်)