မိုခါမုန်တိုင်းဒဏ်ခံရသည့် ရခိုင်ပြည်နယ်မှ ပြည်သူများကို ကူညီထောက်ပံ့ပေးရေးနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေး
နေပြည်တော် မေ ၃၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေ၊ နှစ်နိုင်ငံနယ်စပ် ဝင်ထွက်ဂိတ်များမှ အပြန်အလှန်ဝင်ထွက် ခွင့်ပြုဆောင်ရွက်နေမှု အခြေအနေ၊ နှစ်နိုင်ငံနယ်စပ်ဂိတ်များတွင် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ထွက်ဂိတ်များ အဖြစ် အဆင့်မြှင့်တင်နိုင်ရေး အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များနှင့် သတ်မှတ်ဗီဇာ အမျိုးအစားအလိုက် နေခွင့်သက်တမ်း တိုးနိုင်ရေးအတွက် ခွင့်ပြုဆောင်ရွက်ပေးမှု အခြေအနေ၊ နှစ်နိုင်ငံ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်များ အသုံးပြု၍ နှစ်နိုင်ငံပြည်သူများ ကူးလူးသွားလာ လုပ်ကိုင်ဆောင်ရွက်နေမှုနှင့် ၁၉၉၇ ခုနှစ်က ချုပ်ဆိုခဲ့သည့် နှစ်နိုင်ငံသဘောတူ စာချုပ်အရ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အခြေအနေ၊ မိုခါမုန်တိုင်းဒဏ်ခံရသည့် ရခိုင်ပြည်နယ်မှ ပြည်သူများကို ကူညီထောက်ပံ့ပေးရေးနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းများတွင် တရုတ်နိုင်ငံမှ ပူးပေါင်းကူညီဆောင်ရွက်နေမှု အခြေအနေ၊ မြန်မာနိုင်ငံအနေဖြင့် ပြန်လည်လက်ခံရေး လုပ်ငန်းများတွင် အဆင်သင့်ပြင်ဆင်ထားပြီး ဖြစ်သည့်အခြေအနေနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ဆက်သွယ်ညှိနှိုင်းနေမှု အခြေအနေတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့် အတူ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။