(၁၉)ကြိမ်မြောက် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ SOMTC လုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပ
နေပြည်တော် မေ ၃၁
(၁၉)ကြိမ်မြောက် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ SOMTC လုပ်ငန်းအဖွဲ့အစည်းအဝေး (19th SOMTC Working Group on Trafficking in Persons) ကို ယနေ့မွန်းတည့် ၁၂ နာရီတွင် ရုံးအမှတ်(၃၈) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပရာ အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ရဲမှူးချုပ်မြင့်ထူး ဦးဆောင်သောကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။
အစည်းအဝေးအား အစီအစဉ်(၁၄)ရပ်ဖြင့်ကျင်းပရာ သဘာပတိအဖြစ်ဆောင်ရွက်သည့် ဖိလစ်ပိုင်နိုင်ငံ လူကုန်ကူးမှုဆိုင်ရာ SOMTC လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ်မြင့်ထူးက လူကုန်ကူးမှုတိုက်ဖျက်ရေးတွင် ကြုံတွေ့ ရသည့် စိန်ခေါ်မှုများ၊ ထွက်ပေါ်လာသည့်လမ်းကြောင်းများ၊ လူကုန် ကူးမှုဖြေရှင်းရန် အခွင့်အလမ်းများ အပေါ် အတွေးအမြင်များ ဖလှယ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ လူကုန်ကူးမှု အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ Billboard နှင့် ပိုစတာများ စိုက်ထူခြင်း၊ Talk Show များပြုလုပ်ခြင်း၊ သတင်းလက်ခံခြင်း၊ နိုင်ငံတကာလေဆိပ်များတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်သည့် Viber QR Code, Whatapp QR Code များပေးအပ်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ပသို့ တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်မည့် ရွှေ့ပြောင်း အလုပ်သမားများကို တားဆီး၍ တရားမဝင် ရွှေ့ပြောင်းသွားရောက် အလုပ်လုပ် ကိုင်ရာမှ လူကုန်ကူးမှု ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများကို အသိပညာပေး ဟောပြောမှုများပြုလုပ်၍ နေရပ်များသို့ ပြန်လည် စေလွှတ်နိုင်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း National Central Bureau (NCB) ချင်းချိတ်ဆက်၍ တရုတ်နိုင်ငံသား၊ မလေးရှားနိုင်ငံသားတို့အား ကူညီစုံစမ်းရှာဖွေပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ လူကုန်ကူးခံရသူများအား ထောက်ပံ့ပေးနိုင်ခဲ့မှုတို့ကို ဆွေးနွေးသည်။ ထို့နောက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများက နိုင်ငံအလိုက် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များအား လည်းကောင်း၊ ဘိုဟိုးလုပ်ငန်းစီမံချက် (၂.ဝ) ပါ လုပ်ငန်းစဉ်များအပေါ်၌လည်းကောင်း၊ လူကုန်ကူးမှု၊ အထူးသဖြင့် အမျိုးသမီးနှင့် ကလေးသူငယ်များ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံ ကွန်ဗင်းရှင်း (ACTIP)အကောင်အထည်ဖော်ရေးအတွက် အမျိုးသားအဆင့် ကိုယ်စားလှယ်များ၏ သတ်မှတ်တာဝန်နှင့် လုပ်ပိုင်ခွင့်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြပြီး သဘာပတိက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)