မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံးတို့ပူးပေါင်း၍ ရန်ပုံငွေ ရှာဖွေမှု ပဒေသာကပွဲကို ရုပ်သံလိုင်းများမှ တိုက်ရိုက်(Live)ထုတ်လွှင့်မည်
မိုခါမုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများအား ထောက်ပံ့ကူညီနိုင်ရန် ရုပ်ရှင်၊ ဂီတ၊ သဘင် အစည်းအရုံးများ ပူးပေါင်း၍ ရန်ပုံငွေပဒေသာကပွဲအား ၂၀၂၃ ခုနှစ်ဇွန် ၂ ရက်၊ ၃ ရက်နှင့် ၄ ရက်တို့ တွင် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌ ည ၆ နာရီမှ စတင်ကျင်းပမည်ဖြစ်သည်။ အဆိုပါရန်ပုံငွေပဒေသာ ကပွဲတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)နှင့် မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)တို့မှ အနုပညာရှင်များစွာ ပါဝင်ဖျော်ဖြေကြမည်ဖြစ်ပြီး ရခိုင်အဖွဲ့အစည်းမှ ရခိုင်စည်တော်၊ ပတ္တမြားဒေဝီစောမဲကြည် သီချင်းဖျော်ဖြေမှု၊ ရခိုင်သီချင်းဖျော်ဖြေမှု (ဗျာလသီချင်း)၊ ရုပ်ရှင်ဒါရိုက်တာ ညိုမင်းလွင်၊ ဒါရိုက်တာ ကျော်ဇောလင်း၊ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်နှင့် ဒါရိုက်တာ မောင်မျိုးမင်းပြဇာတ်များ တင်ဆက်မှု၊ ဟာသပညာရှင်များ အစည်းအရုံးမှ ဟာသလူရွှင်တော် တစ်ခန်းရပ်ပြဇာတ်၊ ကိုမြင့်(သမန်းကျား)၏ တေးသရုပ်ဖော်၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ သဘင်ပြကွက်၊ သဘင်ဖျော်ဖြေမှု၊ သဘင်နှစ်ပါးသွားအစီအစဉ်နှင့် လူရွှင်တော်အငြိမ့်တို့ဖြင့် သီဆိုကပြ ဖျော်ဖြေကြမည် ဖြစ်သည်။ ထိုသို့ဖျော်ဖြေတင်ဆက်မှုများကို ဇွန် ၂ ရက်၊ ၃ ရက်နှင့် ၄ ရက်တို့တွင် ည ၆ နာရီမှစတင်၍ MRTV Farmers' Channel၊ MRTV Parliament Channel၊ MWD HD Channel၊ MWD Education,Knowledge & Sports Channel၊ Channel Light Channel၊ Readers' Channel၊ MNTV၊ Channel 9၊ Skynet တိုင်းရင်းသား၊ MyanmarArts Channel နှင့် Media N Channel တို့တွင် တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)