မြန်မာတို့သည် အရှေ့အာရှကျွန်းဆွယ်ဒေသရှိ လူမျိုးများအနက် စစ်တိုက်ခိုက်ခြင်းတွင် ရဲစွမ်းသတ္တိရှိ၍ ထူးချွန်သော လူမျိုးတစ်မျိုး ဖြစ်သည်ကို သမိုင်းဆရာတိုင်းက ဝန်ခံကြရသည်။ အနော်ရထာမင်းလက်ထက်၌ ၎င်း၏စစ်တပ်များသည် ယိုးဒယား(ထိုင်း)နှင့် ကမ္ဘောဇ၊ ရခိုင်မြောက်ပိုင်းဒေသများအထိ ချီတက်တိုက်ခိုက်ခဲ့ကြောင်း ရာဇဝင်ကျမ်းများတွင် ဖော်ပြထားသည်။
မြန်မာတို့၏ စစ်အင်အားသည် အနော်ရထာမင်းစော လက်ထက်ကပင် စတင်ခဲ့ကြောင်း၊ အနော်ရထာမင်းသည် နယ်စပ်ဒေသ လုံခြုံရေးအတွက် ကင်းတပ်မြို့ပေါင်း ၄၃ မြို့ကို တည်ထောင်ခဲ့ကြောင်း၊ ခရစ်နှစ် ၁၀၅၇ ခုနှစ်တွင် ထိုမင်းသည် သူ၏ကြီးမားသော စစ်တပ်မတော်ကြီးနှင့် သထုံသို့ချီတက် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတပ်မတော်ကြီးတွင် ခြေလျင်တပ်သားများ သာမက အင်အားများပြားစွာသော မြင်းတပ်၊ ဆင်တပ်များပါရှိကြောင်း၊ ဥဿာပဲခူးသို့ ဂျွမ်းစစ်သည်များ လာရောက်တိုက်ခိုက်သည်တွင် ပဲခူးမင်းကစစ်ကူတောင်း၍ အနော်ရထာမင်းသည် ပဲခူးသို့စစ်ကူ စေလွှတ်ခဲ့ကြောင်း၊ သီဟိုဠ်(သီရိလင်္ကာ)မင်းကလည်း အနော်ရထာမင်းထံစစ်ကူ တောင်းခံခဲ့ကြောင်း၊ သထုံကို အောင်မြင်ပြီးနောက် အနော်ရထာသည် မင်းဘူး၊ ငဖဲမြို့တို့မှတစ်ဆင့် အမ်းတောင်ကြားလမ်းကိုဖြတ်ကျော်ပြီး ရခိုင်ကိုတိုက်ခိုက်သိမ်းယူခဲ့ကြောင်း၊ ဤအချက်များကို ထောက်ချင့်၍ အနော်ရထာမင်းလက်ထက်၌ စည်းစနစ်ကျန၍ အင်အားကြီးမားသော တပ်မတော်ကြီး ရှိနေကြောင်း ထင်ရှားလေသည်။
ပင်းယခေတ်မြန်မာတို့သည် မြန်မာပြည်အတွင်း ဝင်ရောက်လာသော မန်ချူး(တရုတ်)စစ်တပ်ကြီးကို ကြံ့ကြံ့ခိုင်ခိုင် တွန်းလှန်ခဲ့သည်။ တောင်ငူခေတ်မြန်မာတို့သည် ယိုးဒယား(ထိုင်း)ကို အကြိမ်ကြိမ် သွားရောက် တိုက်ခိုက်ခဲ့သည်။ ကုန်းဘောင်ခေတ်မြန်မာတို့သည်ကား မဏိပူရ၊ အာသံ၊ စစ်တကောင်းနယ်များအထိတိုင် စစ်ချီခဲ့ကြသည်။ မြန်မာတို့၏ စစ်သွေးစစ်စိတ်၊ မြန်မာတို့၏ခံတပ်သေနင်္ဂဗျူဟာ၊ မြန်မာ့စစ်စည်းကမ်းတို့မှာ ချီးမွမ်းဖွယ်ကောင်းမွန် တောင့်တင်း ကြောင်းကို နိုင်ငံခြားသား စစ်သမိုင်းဆရာများကပင် ချီးကျူးခဲ့ကြရသည်။
အင်္ဂလိပ်-မြန်မာပထမစစ်ပွဲမဖြစ်ပွားမီအချိန်တွင် မြန်မာပြည်သို့ သံအမတ်အဖြစ် လာရောက်နေထိုင်သွားခဲ့ဖူးသော ကပ္ပတိန်ကန်နင်းက အိန္ဒိယဘုရင်ခံချုပ်ထံသို့ ပေးပို့သောအကြံပေးစာတမ်း၌ မြန်မာတို့တွင် အမြဲတမ်းစစ်တပ်နှင့် နာမည်ခံယူနိုင်သော အမြောက်တပ်ဖွဲ့များမရှိသော်လည်း ထိုသူတို့ကိုမထီလေးစား ပမာမခန့်လောက်သော ရန်သူဟူ၍ မယူဆသင့် ဟု သတိပေးထားသည်။
ဗြိတိသျှစစ်သမိုင်း ဆရာတစ်ဦးဖြစ်သော ဝီလဆင်ကလည်း အခြေအနေအားလုံးခြုံကြည့်လျှင် မြန်မာတို့ တပ်အားလုံး၏ စစ်ဆင်ရေးဗျူဟာမှာ အဆင့်ဆင့်ချီတက်တပ်စွဲလေ့ရှိသော ခံတပ်စစ်ဗျူဟာသာလျှင်ဖြစ်၏။
ယင်းခံတပ်စစ်ဗျူဟာများ၌ မြန်မာတို့သည် ပင်ကိုစိတ်ကူးဉာဏ်ကောင်းသူများဖြစ်ပြီး စိတ်ရောကိုယ်ပါအားတက်သရော ပြုမူဆင်နွှဲလေ့ရှိ၏။ ဤခံတပ်ကတုတ်များတွင် တပ်စွဲလျက် မယိမ်းမယိုင်သောစိတ်ဓာတ်၊ ပြောင်မြောက်ရဲရင့်သော သူရသတ္တိတို့ဖြင့် ရန်သူကို ရင်ဆိုင်လေ့ရှိရာကား ယင်းမြန်မာတို့ကို စစ်မြေပြင်တွင် တွေ့ကြုံရသော စစ်သားများအဖြစ် နှင့်မူကား ကြောက်မက်ဖွယ်ကောင်းသူများဖြစ်ကြောင်း တွေ့ရှိရ၏ဟု ဖော်ပြထားလေသည်။
မြန်မာတို့သည် မမျှော်လင့်သောအကြောင်းကြောင်းကြောင့် အင်္ဂလိပ်-မြန်မာစစ်ပွဲများတွင် ရှုံးနိမ့်ခဲ့ရသော်လည်း မြန်မာ့တပ်မတော်သားများက ညံ့ဖျင်းသူများ မဟုတ်ကြပါ။ စစ်မှုထမ်းသူမှန်သမျှသည် ဒေါင်ဒေါင်မြည်စိတ်ဓာတ်၊ ဒေါင်ဒေါင်မြည် ကျန်းမာရေးနှင့် ပြည့်စုံသူများသာ ဖြစ်သည်။ ယနေ့ခေတ်တပ်မတော်သားများကဲ့သို့ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပြီးသူများသာ တပ်မတော်သားဖြစ်ခွင့်ရှိပါသည်။ ယောက်ျားတိုင်း စစ်သားမဖြစ်ခဲ့ကြသည်မှာ ရှေးအစဉ်အလာ ဖြစ်ပေသည်။
ထင်ရှားသော သက်သေတစ်ခု ပြပါဦးမည်။ စစ်သူကြီးမဟာဗန္ဓုလဆိုလျှင် မြန်မာတိုင်းသိကြသည်။ ရဲစွမ်းသတ္တိ၊ တိုက်ရည်ခိုက်ရည်၊ လက်ရုံးရည်၊ နှလုံးရည်ပြည့်စုံသူဖြစ်သည်။ မဟာဗန္ဓုလ၏ အမိန့်တော်ဆင့်စာတစ်ခုတွင် စစ်သားရွေးချယ်ပုံနှင့် ပတ်သက်၍ လိုက်ပါထမ်းရွက်သင့်သော ရဲမက်တို့သည် မျက်စိမှုန်မွဲ၊ တိမ်စွဲ၊ မျက်ခမ်းစပ်၊ ပန်းနာ၊ ဒူလာ၊ မှင်တက်ရောဂါ၊ အိပ်ရာယောင်ယမ်း၊ ကိုယ်ထက်ဒူးပေါင်ရှည်၊ ခြေသိမ်၊ လက်သိမ်၊ အသက် ၂၀ မပြည့်သူ၊ အသက် ၅၀ ကျော်သူ၊ ခေါင်းရှုပ်သူ၊ ထိုထိုသူတို့ကို တပ်ပါရဲမက်စု၍ အခန့်အထားမရှိစေနှင့်။ ဆိုခဲ့သောလူတို့ကို ချန်လှပ်။ တပ်တော်ပါသင့်သောလူတစ်ကိုယ်လျှင် ၂ ပြည်ဝင်ဆန်စလွယ် ၁၊ လွှာဖိနပ်၊ ဆူးထွင်အပ်ကိုယ်စီပါစေ။ အသီးသီး လက်နက်ကိုင်ကြသည့်မြို့ကျေးရွာတို့သို့ စာတိုစာရှည်နှင့်ဆင့်။ ဟူ၍ဖော်ပြပါရှိသည်။
ယနေ့တပ်မတော်သား တို့သည်လည်း ရှေးခေတ်တပ်မတော်သားများနည်းတူ ကြံ့ခိုင်သည့်စိတ်ဓာတ်၊ စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်၊ ကျည်တစ်တောင့်လူတစ်ယောက် ကျန်သည်အထိ တိုက်ရဲသည့်စိတ်ဓာတ်၊ တပ်မတော်၏ ဂုဏ်ကိုမြှင့်တင်လိုသည့် စိတ်ဓာတ်၊ အချင်းချင်းရိုင်းပင်းကူညီလိုသည့် စိတ်ဓာတ်၊ ရဲဘော်ရဲဘက်စိတ် ပြည့်ဝစွာဖြင့် နိုင်ငံတော်နှင့်နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်လျက် ရှိပါကြောင်း ရေးသားလိုက်ရပေသည်။ ။