အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) ၏ ၂၀၂၃ ASEAN-PC Capacity Building Workshop ကျင်းပ
နေပြည်တော် ဇွန် ၁
ASEAN - PAC အဖွဲ့ဝင်နိုင်ငံများ၏ ၂၀၂၃ ASEAN - PAC Capacity Building Workshop ကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ မေ ၃၀ ရက်မှ ၃၁ ရက်အထိကျင်းပရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
ယင်းအလုပ်ရုံဆွေးနွေးပွဲကို "AntiCorruption Education and Corruption Prevention Strategies on a National Scale" ခေါင်းစဉ်ဖြင့်ကျင်းပခဲ့ပြီး ASEAN – PAC အဖွဲ့ဝင်နိုင်ငံများ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ပညာရေးနှင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် ဥပဒေမူဘောင်ဖွံ့ဖြိုးရေး၊ ဒစ်ဂျစ်တယ် နည်းပညာရပ်အသုံးပြု၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် ပြည်သူလူထု ပူးပေါင်းပါဝင် လာစေရေးနှင့် စပ်လျဉ်း၍ ကျွမ်းကျင်သူပညာရှင်များ၊ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက် နေသူများအကြား အတွေ့အကြုံများ၊ စိန်ခေါ်မှုများနှင့် ကောင်းမွန်သော အလေ့အထများအား မျှဝေနိုင်ရေး ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်က မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ဥပဒေမူဘောင်ဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅) ရေးဆွဲထားရှိပြီး နှစ်အလိုက် လုပ်ငန်းအစီအစဉ်များ ချမှတ်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာနှင့် ဖြောင့်မတ်တည် ကြည်မှုမြှင့်တင်ရေး အသိပညာပေး အစီအစဉ်များ ဆောင်ရွက်မှုအခြေအနေ၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ ပညာရေးကို ပေါင်းကူးတံတားအဖြစ် အသုံးပြုကာ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးအစီအစဉ် ဆောင်ရွက်ခဲ့မှုနှင့် အောင်မြင်မှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များ၊ အတွေ့အကြုံများနှင့် စိန်ခေါ်မှုများကို ဆွေးနွေးခဲ့သည်။
ထို့နောက် ASEAN- PAC အဖွဲ့ဝင် နိုင်ငံများမှ ၎င်းတို့ဆောင်ရွက်နေသော တားဆီးကာကွယ်ရေးနှင့် အသိပညာပေးခြင်း လုပ်ငန်းများ၊ ပညာရေးကဏ္ဍမှတစ်ဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် အသိပညာပေး နိုင်စေရေးအတွက် ဥပဒေမူဘောင်ချမှတ်နိုင်ရေး ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ASEAN- PAC အဖွဲ့ဝင်နိုင်ငံ ဖြစ်လာချိန်မှစတင်၍ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများတွင် အပြည့်အဝ ပါဝင်ပြီး ကတိကဝတ်အတိုင်း ထည့်သွင်းရမည့် ဆောင်ရွက်ချက်များနှင့် အတွေ့အကြုံများကို တက်ကြွစွာ ပါဝင်ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။