၀န်းသိုမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

၀န်းသိုမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

၂၀၂၂-၂၀၂၃ ခုနှစ် နွေစပါးစိုက်ပျိုး ရာသီစံကွက်ရိတ်သိမ်းပွဲကို မေ ၃၁ ရက် က စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် စော်ဘွားကြီးအုပ်စု  တောင်သူ  ဦးသန်းကြွယ်၏ နွေစပါးမျိုးစေ့ထုတ်ကွက်တွင် ကျင်းပကြောင်း သိရသည်။

စံကွက်ရိတ်သိမ်းပွဲသို့ ကောလင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းသိန်း နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်ဆွေနှင့်ဝန်ထမ်းများနှင့် တောင်သူများတက်ရောက်ခဲ့ပြီး နွေစပါး  ရေအနည်းလို (၇) မျိုးစေ့ထုတ်စိုက်ခင်းနှင့် ရေအနည်းလို(၇) ပန်းတိုင်စံပြ ကွက်တို့အား   ရိတ်သိမ်း ခြွေလှေ့စက်ဖြင့် စုပေါင်းရိတ်သိမ်းခဲ့ရာ ရေအနည်းလို (၇) မျိုးစေ့ထုတ်ကွက် တစ်ဧကအစို ၁၀၅ တင်းနှုန်းနှင့် ရေအနည်းလို(၇) ပန်းတိုင်စံပြကွက် တစ်ဧကအစို ၁၂၃ ဒသမ ၄၃ တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။

နွေစပါးစိုက်တာ  တစ်ဧက  စိုက်ပျိုး စရိတ်စုစုပေါင်း ငွေကျပ် လေးသိန်းကျော်ကုန်ကျတယ်။ တစ်ဧကကို တင်း ၁၂၀ကျော် ထွက်ရှိတဲ့အတွက် မြို့နယ်အတွင်း လက်ရှိ နွေစပါးပေါက်ဈေးအရ ငွေကျပ် ၁၀ သိန်းကျော်မြတ်ပါတယ်။ နောက်ပြီးလေးလလောက်နဲ့    စပါးပေါ်တဲ့အတွက် ဒီ ရေအနည်းလို (၇) မျိုးစပါးက နွေစပါးအတွက် စိုက်ပျိုးသင့်တဲ့မျိုး ဖြစ်ပါတယ်ဟု တောင်သူ ဦးသန်းကြွယ်ကပြောသည်။

ဝန်းသိုမြို့နယ်၌  ၂၀၂၂-၂၀၂၃ ခုနှစ် တွင် နွေစပါး ၄၂၅  ဧက စိုက်ပျိုးထားရှိပြီး လက်ရှိအချိန်ထိ ၁၃၉ ဧက ရိတ်သိမ်းပြီး ဖြစ်ကြောင်း သိရသည်။                      

ထွန်းထွန်း