သံဝေဇနိယလေးဌာန ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်သတ္တသတ္တာဟ စေတီတော်မြတ်ကြီးအတွင်းရှိ သံဝေဇနိယလေးဌာန ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန် ၁ ရက် ညနေပိုင်းတွင် အဆိုပါ စေတီတော်ဝင်းအတွင်းရှိ ဂေါပက အဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက သတ္တသတ္တာဟ စေတီတော်မြတ်ကြီးဝင်းအတွင်း သောက်သုံး ရေလုံလောက်စွာ ရရှိရေး၊ ဂေါပကအဖွဲ့နှင့် ပတ်သက်၍ ဆောင်ရွက်ရန်ကိစ္စများ၊ သံဝေဇနိယလေးဌာနတွင် စိမ်းလန်းစိုပြည်ရေးနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုး တိုးတက်စေရေး ဆောင်ရွက် သွားကြရန် ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဂေါပကအဖွဲ့ဝင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပြောကြားပြီး နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အဆိုပါအစည်းအဝေးသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းထူး၊ ဥတ္တရခရိုင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့်ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ တက်ရောက် ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများက စေတီတော်ဝင်းအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)