ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး

ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇွန် ၅ ရက်)

ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်၏ လေ့လာဆန်းစစ်တွေ့ရှိမှုများအရ  ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်လူဦးရေ ၇ သန်းခန့်သည် အသက်ဆုံးရှုံးနေကြရကြောင်း၊ ကမ္ဘာ တစ်ဝန်းတွင် နှစ်စဉ်စွန့်ပစ်ပစ္စည်း ပမာဏတန်ချိန် ၁၁ ဒသမ ၂ ဘီလီယံခန့် စွန့်ပစ်နေကြပြီး ယင်းအထဲမှ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတန်ချိန် ၈ သန်းခန့်သည် နှစ်စဉ်ပင်လယ်သမုဒ္ဒရာများ အတွင်းသို့ ရောက်ရှိကာ ညစ်ညမ်းမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။ ထို့ကြောင့် ယခုနှစ် ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ကို ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ (Solutions to Plastic Pollution) ဟူ၍ သတ်မှတ်ထားခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ် ဇွန်လ ၅ ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် “ယနေ့ကာလတွင် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်လာသည့် ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေးအတွက် ယခုနှစ်မတ်လတွင်ကျင်းပခဲ့သည့် ပဉ္စမအကြိမ် ကုလသမဂ္ဂ ပတ်ဝန်းကျင်ဆိုင်ရာ ညီလာခံဒုတိယအပိုင်း (United Nations Environment Assembly-UNEA5-2)တွင် ဥပဒေအရ စည်းနှောင်မှုရှိသည့် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ရေးဆွဲ အကောင်အထည်ဖော်ရန် သဘော တူညီခဲ့ကြကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ပလတ်စတစ်ညစ်ညမ်းမှု ထိန်းချုပ် နိုင်ရေးအတွက် ကဏ္ဍစုံပေါင်းစပ်ပြီး အစီအမံချမှတ် အကောင်အထည်ဖော် လိုက်နာဆောင်ရွက်ရန် တိုက်တွန်း လိုကြောင်း” ဟူ၍ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ပါသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ညစ်ညမ်းမှုများကို တားဆီးကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် စွန့်ပစ်ပစ္စည်းများကို စနစ်တကျစီမံခန့်ခွဲနိုင်မှုသည် အလွန်အရေးကြီးလှသည်။ ပလတ်စတစ်ကို မဖြစ်မနေအသုံးပြုရန် လိုအပ်သည့်နေရာများတွင်သာ အသုံးပြုသင့်သည်။ 5R စနစ်ဖြစ်သော ပလတ်စတစ်ကို လျှော့ချခြင်း (Reduce)၊ ပြန်လည်အသုံးပြုခြင်း(Reuse)၊ ပြန်လည်တီထွင် အသုံးချခြင်း (Recycle)၊ အသုံးပြုနိုင်သော နေရာသို့ ပြန်လည်ပေးပို့ခြင်း (Return)၊ အသုံးပြုရန် မလိုအပ်က ငြင်းပယ်ခြင်း (Reject) စသည့်နည်းလမ်းငါးသွယ်ဖြင့်  လိုက်ပါဆောင်ရွက် သွားမည်ဆိုပါက နိုင်ငံတော် အတွက် အကျိုးများစွာ ဖြစ်ထွန်းစေမည်ဖြစ်သည်။ ပလတ်စတစ်စွန့်ပစ် ပစ္စည်းများကို မီးရှို့ဖျက်ဆီးပါက လည်း ကာဗွန်မိုနောက်ဆိုက်၊ ဒိုင်အောက်စင်၊ ဟိုက်ဒရိုဂျင်ဆိုင်ယာနိုက် စသည့်ဓာတ်ငွေ့များထွက်ရှိပြီး လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသဖြင့် လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေပါသည်။

ကမ္ဘာတစ်ဝန်းတွင် လူသားများအသုံးပြုနေသည့် ဓာတုပစ္စည်းများနှင့် ဒြပ်ပေါင်းအမျိုးအစား စုစုပေါင်း တစ်သိန်းကျော်ရှိပြီး ဓာတုပစ္စည်းအသုံးပြုမှုများကို စနစ်တကျစီမံဆောင်ရွက်နိုင်မှု မရှိပါက ပတ်ဝန်းကျင်နှင့် လူသားများ၏ ကျန်းမာရေးကို ဆိုးရွားပြင်းထန်စေပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် နိုင်ငံတိုင်းက အထူးဂရုပြုစီမံဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်သည်။ ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေးနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး နေ့အထိမ်းအမှတ် ဆောင်ပုဒ်တွင်လည်း ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ကြစို့ (Beat Plastic Pollution)ဟူ၍ သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်လည်း ပလတ်စတစ်ကို တိုက်ဖျက်ရန် မီးမောင်း ထိုးပြပေးထားပါသည်။

ပလတ်စတစ် ညစ်ညမ်းမှုလျှော့ချရေး၊ တားဆီးကာကွယ်ရေးလုပ်ငန်းများအား အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပြည်သူလူထုနှင့် ပုဂ္ဂလိကကဏ္ဍသည် အဓိကကျသော အခန်းကဏ္ဍတွင်ပါဝင် ပါသည်။ ပလတ်စတစ် ထုတ်လုပ်သူများအနေဖြင့် ထုတ်ကုန်ပစ္စည်းများနှင့် ဆက်စပ်ပတ်သက် လျက်ရှိသော လုပ်ငန်းများမှ ထွက်ရှိလာမည့် စွန့်ပစ်ပစ္စည်းများအား ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေသော ခိုင်လုံသည့် စီမံခန့်ခွဲမှုစနစ်ဖြင့် တာဝန်ယူစီမံဆောင်ရွက်ကြရမည် ဖြစ်သည်။

ပြည်သူများအနေဖြင့်လည်း အစားအသောက်ထုပ်ပိုးခြင်း၊ သယ်ဆောင်ခြင်း၊ ဈေးဝယ်ထွက်ခြင်း စသည်တို့ လုပ်ဆောင်ရာတွင် ပလတ်စတစ်အိတ်များကို အသုံးမပြုဘဲ ကိုယ်ပိုင်ထမင်းချိုင့်၊ ထမင်းဘူး၊ ရေဘူး၊ လက်ဆွဲခြင်းများကိုသာ အသုံးပြုသင့်သည်။ ထိုသို့အသုံးပြုခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းလည်းဖြစ်သလို လူတို့၏ ကျန်းမာရေးကောင်းမွန်မှုကို အထောက်အကူဖြစ်စေပါသည်။ ပလတ်စတစ်ထုတ်ကုန်များကို ဆက်လက်အသုံးပြုနေသည်နှင့်အမျှ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများမှာ ဆက်လက်တိုးပွားနေမည်ဖြစ်ပြီး ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများသည်လည်း ဆက်လက်ရင်ဆိုင် ကြုံတွေ့နေရမည်ဖြစ်သည်။

ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ် လျှော့ချသုံးစွဲကြမည်ဆိုပါက ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုကာကွယ် ထိန်းသိမ်းနိုင်ပြီး  စွန့်ပစ်ပလတ်စတစ်များ ကင်းလျှင်  မိမိပတ်ဝန်းကျင် ပသာဒလှပသာယာလာမည် ဖြစ်သကဲ့သို့ မြို့ပြများလည်း သာယာလှပလာမည်ဖြစ်သည်။ သက်ရှိများ၏ ဂေဟစနစ်များကို ထိန်းသိမ်း ခြင်း၊ လူသားတို့၏ ကျန်းမာရေးအား ကာကွယ်စောင့်ရှောက်လာနိုင်ခြင်း၊ စိုက်ပျိုးသီးနှံ ကောင်းမွန် လာနိုင်ခြင်း၊ မိမိပတ်ဝန်းကျင်မှာပင် လက်တွေ့ကျကျ အမှိုက်ထွက်ရှိမှု လျော့နည်းလာခြင်း စသည့် အကျိုးကျေးဇူးများရရှိ လာမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် “ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ဖို့  ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့” ဆောင်ပုဒ်နှင့်အညီ ပလတ်စတစ်ညစ်ညမ်းမှုကို အားလုံး ပူးပေါင်း တိုက်ဖျက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။