မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ရန်ပုံငွေပဒေသာကပွဲ နှုတ်ဆက်ပွဲကျင်းပ၊ စည်ကား သိုက်မြိုက်စွာ ကြည့်ရှုအားပေး
ရန်ကုန် ဇွန် ၄
မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ရန်ပုံငွေပဒေသာကပွဲ နောက်ဆုံး နှုတ်ဆက်ပွဲကို ယနေ့တွင် ဆက်လက်ဖျော်ဖြေ တင်ဆက်ခဲ့ရာ စည်ကားသိုက်မြိုက်စွာဖြင့် ကြည့်ရှုအားပေးကြသည်။
အဆိုပါ ရန်ပုံငွေပဒေသာဖျော်ဖြေပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်ခိုင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံ ရုပ်ရှင်၊ ဂီတ၊ သဘင် အစည်းအရုံးမှ နာယကများနှင့် ဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ဖျော်ဖြေမှုစတင်ချိန်တွင် မြန်မာ့ဆိုင်းဝိုင်းနှင့် ခေတ်ပေါ်သံစဉ်တို့ဖြင့် စတင်ဖွင့်လှစ်၍ ရခိုင်စည်တော်နှင့် မြန်မာနိုင်ငံ သဘင်အစည်းအရုံးမှ အပျိုတော်လမိုင်းအကတို့ဖြင့် ဖျော်ဖြေကြပြီး ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်များဖြစ်ကြသည့် ရန်အောင်၊ ရဲအောင်၊ နေထက်လင်း၊ ကျော်ကျော်၊ ဘုန်းလျှံ၊ မေသန်းနု၊ မေသဉ္ဇာဦး၊ ခိုင်နှင်းဝေ၊ ဆောင်းအိန္ဒြေထွန်း၊ ဆုမြတ်နိုးဦး၊ ဟံဇိန်း၊ ဘွန်း၊ သြရသ၊ ရဲရဲ၊ အောင်ဇမ္ဗူ၊ ဝေလင်းထက်၊ တခိုင်လုံးရွှေအေးအေးမြင့်၊ ချယ်ရီသင်း၊ ငြိမ်းချမ်းခိုင်၊ ရေကြည်ချမ်းမြ၊ ချမ်းချမ်းမိုး၊ မေမြတ်နိုးခင်၊ နိုဘယ်လှိုင်၊ မြင့်မိုရ်သွန်းခ၊ ထက်ထက်စိုးစံ၊ နှင်းထက်ရွှေရည်၊ စိုးယုနန္ဒာ၊ ဖြိုးသဇင်၊ အောင်ကိုကို၊ ချစ်ကိုကို၊ မျိုးခန့်မောင်မောင်၊ အောင်စံထူးနှင့် မြတ်မင်းခေါင်တို့က အဖွင့်ပဏာမတေးအဖြစ် မြူးကြွသွက်လက်သည့် သံစဉ်များဖြင့် ဖျော်ဖြေကြသည်။
ထို့နောက် ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်များက မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အလှူငွေများ လှူဒါန်းကြပြီး ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ရန်အောင်၊ ရဲအောင်၊ နေထက်လင်း၊ မေသန်းနု၊ မေသဉ္ဇာဦး၊ ခိုင်နှင်းဝေနှင့် အနုပညာရှင်များက အလှူရှင်ပရိသတ်တို့၏ စေတနာတရားထက်သန်စွာ လက်ရောက် လှူဒါန်းမှုကို လက်ခံကုသိုလ်ယူကြသည်။
ယင်းနောက် မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ စိမ့်နေခြည်၊ သွန်းနှင့် သဟာအောင်တို့က တေးသံသာများဖြင့် လည်းကောင်း၊ ဟာသပညာရှင်များ အစည်းအရုံးမှ ဟာသပညာရှင်များက ဟာသဖျော်ဖြေမှုဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံးမှ ဘွန်း၊ သြရအောင်၊ အောင်ဇမ္ဗူ၊ ရဲရဲ၊ သူရဝင်းထွဋ်၊ မင်းဗိုလ်၊ ဝေလင်းထက်၊ ဆန်းနေအောင်၊ ငြိမ်းချမ်းခိုင်၊ ရေကြည်ချမ်းမြ၊ ချမ်းချမ်းမိုး၊ သဉ္စာရဲဝင်း၊ နိုဘယ်လှိုင်၊ မေမြတ်နိုးခင်၊ သဒ္ဒါသိမ့်နှင့် မြနှင်းဆီတို့က “ခမ်းနားလှပသဘင့်မြိုင်ထ” အစီအစဉ် ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံးမှ အာဇာနည်စန်းစန်းအဖွဲ့က ဆပ်ကပ်ဖျော်ဖြေမှုဖြင့် လည်းကောင်း၊ နေတိုး၊ ကျော်ကျော်ဗိုလ်၊ ရဲလေး၊ အောင်ရေချမ်း၊ အေးမြဖြူနှင့် Life @ Dance, RVC Dance Group တို့က “ပြန်လည်နိုးထကြပါစို့ “တေးအော်ပရာဖြင့် လည်းကောင်း၊ စိုးသူ၊ သာထက်နှင့် ဆောင်းအိန္ဒြေထွန်းတို့က ရုပ်ရှင်ဇာတ်ဝင်တေးများဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက်ကြသည်။
ဆက်လက်၍ တေးဆို စိမ်းလဲ့လဲ့နှင့်အတူ ဘုန်းလျှံ၊ အာရိယန်နှင့် ဟီလာရီစိုးတို့က ပတ္တမြားဒေဝီ စောမဲကြည်အော်ပရာဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ အိမ့်ချစ်၊ အိုင်ရင်းဇင်မာမြင့်နှင့် ရဲလေးတို့က တေးသံသာများဖြင့် လည်းကောင်း၊ စွမ်းဇာနည်၊ ဝင်းနောင်နှင့် ဇံဟိန်းတို့က သဘင်တေးသံသာများဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက်ကြပြီး ရန်ပုံငွေ ပဒေသာကပွဲကြီး၏ နှုတ်ဆက်ပွဲနောက်ဆုံး အစီအစဉ်ဖြစ်သည့် မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ ရွှေမန်းချမ်းသာ၊ တင်မောင်ဆန်းမင်းဝင်းနှင့် သဘင်အနုပညာရှင်များ ပူးပေါင်း၍ “ စွမ်းအားမြင့်မား သဘင်နှစ်ပါးသွား” အစီအစဉ်များဖြင့် အားပါးတရ ကပြဖျော်ဖြေ တင်ဆက်ကြသည်။
မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ရန်ပုံငွေပဒေသာကပွဲကြီးကို ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာလောကသားများ စုပေါင်း၍ ဇွန် ၂ ရက်မှ ၄ ရက်အထိ ဖျော်ဖြေတင်ဆက်ခဲ့ခြင်း ဖြစ်ပြီး မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများကို ကူညီပံ့ပိုးကြရန် ရည်ရွယ်ချက်ဖြင့် ဤပဒေသာကပွဲကြီးကို စီစဉ်ကပြခဲ့ခြင်းဖြစ်ရာ ကူညီပံ့ပိုးကြရာ၌ လိုအပ်သော ငွေကြေးပစ္စည်းများအပြင် အနုပညာ လောကသားတို့၏ ဖြူစင်သောမေတ္တာ၊ သန့်ရှင်းသောစေတနာကို ပြသနိုင်ခဲ့သည့်အပြင် မုန်တိုင်းဒဏ်သင့်ပြည်သူများ၏ စိတ်ခံစားမှုများကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်း သိရသည်။