အကြားအာရုံချို့တဲ့သော ကလေးငယ်များအတွက် အတွင်းနားအကြားအာရုံ နှိုးဆွစက်တပ်ဆင်ခြင်း အကြောင်း သိကောင်းစရာ
အာရုံခြောက်ပါးတွင် နားအကြားအာရုံခံခြင်း(သောတအာရုံ)သည် လူမှုဘဝအတွက် အလွန်အရေးကြီး သည်။ နားအကြားအာရုံချို့တဲ့ပါက လူအများနည်းတူ အခွင့်အရေးမရနိုင်သည့်အပြင် အဆိုးဆုံးမှာ မွေးရာပါနားမကြားပါက ကလေးသည် စကားပြောဆို နိုင်မည်မဟုတ်ပေ။ ထိုသို့နားမကြားသော သူများ အား နားအကြားအာရုံရရှိစေရန် အတွင်းနားအကြားအာရုံ နှိုးဆွစက် (CI) ကို တပ်ဆင်ပေးနိုင်သည်။
အတွင်းနားအကြားအာရုံနှိုးဆွစက်
အတွင်းနားအကြားအာရုံနှိုးဆွစက် ဆိုသည်မှာ အဆင့်မြင့်လျှပ်စစ်ပစ္စည်းတစ်မျိုးဖြစ်ပြီး အပြင်ပိုင်း နှင့် အတွင်းပိုင်းနှစ်ပိုင်းပါဝင်သည်။ အပြင်ပိုင်းအသံ စုဆောင်းသည့်ကိရိယာ (Sound Processor) သည် နားနောက်ပိုင်းတွင်ချိတ်၍ တပ်ဆင်ရပြီး အသံလှိုင်းကို ဖမ်းယူ၍ လျှပ်စစ်လှိုင်းအဖြစ် ပြောင်းကာ နားအတွင်းပိုင်းသို့ ပို့ဆောင်ပေးသည်။ အတွင်းပိုင်းကို နားအနောက်ပိုင်းအရိုးအား ခွဲစိတ်၍ အတွင်း နားထဲသို့ ထည့်သွင်းထားရသည်။ အပြင်ပိုင်းမှ ပေးပို့သော လျှပ်စစ်လှိုင်းများကို အတွင်းပိုင်းရှိစက်မှ သယ်ဆောင်ကာ အတွင်းနားထဲရှိ နားအကြားအာရုံကို လှုံ့ဆော် ပေးခြင်းဖြင့် အသံကိုကြားရခြင်း ဖြစ်သည်။
အတွင်းနားအကြားအာရုံနှိုးဆွစက် တပ်ဆင်ခြင်း၏အကျိုးကျေးဇူး
မွေးရာပါ နားအကြားအာရုံချို့တဲ့သော ကလေး ငယ်များနှင့် မွေးဖွားပြီးမှ အကြောင်းတစ်ခုခုကြောင့် နားမကြား၍ စကားမပြောနိုင်သော ခြောက်နှစ်အောက် ကလေးများအား အတွင်းနားအကြားအာရုံ နှိုးဆွစက်ကို ခွဲစိတ်ပြီးတပ်ဆင်ပေးခြင်းဖြင့် အကြားအာရုံရရှိကာ စကားပြောတတ်လာအောင် သင်ကြား ပေးနိုင်သည်။ ဤနည်းဖြင့် ယင်းကလေးငယ်များသည် တခြားကလေးများနည်းတူ ပညာသင်ကြား နိုင်သည်။ စကားပြောတတ်ပြီးနောက်ပိုင်းမှ နားအကြားအာရုံ ထိခိုက်ပျက်စီးသွားသူများတွင်လည်း ဤစက် တပ်ဆင်ပေးခြင်းဖြင့် မိမိတို့၏ ပုံမှန်လူမှုဘဝသို့ ပြန်လည်ရောက်ရှိအောင် ခေါ်ဆောင်နိုင် သည်။
ကလေး၏နားအကြားအာရုံပါရှိမှု ရှိ မရှိ စောစီးစွာသိရှိရန်လိုအပ်
မိဘများအနေဖြင့် မိမိကလေး၏ နားအကြားအာရုံ ပါရှိမှု ရှိ၊ မရှိ စောစီးစွာသိရှိရန် လိုအပ်သည်။ ပုံမှန် ကလေးစကား ပြောရမည့်အရွယ်တွင် ပြောဆိုခြင်းမရှိလျှင် သို့မဟုတ် ကလေးအကြားအာရုံချို့တဲ့ သည်ဟု သံသယရှိလျှင် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်များထံပြသ၍ လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရန်လိုအပ်သည်။ ကလေး၏ အကြားအာရုံလျော့နည်းနေလျှင် ကလေး အသက်တစ်နှစ်မှစ၍ နားကြားကိရိယာ (Hearing Aid) တပ်ဆင်ရန် လိုအပ်သည်။ နားကြားကိရိယာ တပ်ဆင်ပြီးပါကလည်း နား အကြားအာရုံတိုးတက်မှုရှိ၊ မရှိ အကြိမ်ကြိမ်ပြန်လည် စစ်ဆေးရန်လိုအပ်ပြီး လုံလောက်သော တိုးတက်မှု မရှိပါက အတွင်းနားအကြားအာရုံ နှိုးဆွစက်တပ်ဆင် ရန်လိုအပ်သည်။ ဤစက်တပ်ဆင်ခြင်းကို ကလေး၏အသက် ငါးနှစ်မကျော်မီပြုလုပ်မှသာ အောင်မြင်မှု ရရှိနိုင်မည် ဖြစ်သည်။ ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုးမှုသည် အသက်သုံးနှစ်ကျော်ပါက နှေးကွေးသွားတတ်ပြီး အသက် ငါးနှစ်နောက်ပိုင်းတွင် ဖွံ့ဖြိုးမှုမရှိသလောက် ဖြစ်သွားသည်။ အသက်ငါးနှစ်နောက်ပိုင်းမှ အတွင်းနားအကြားအာရုံနှိုးဆွစက် တပ်ဆင်မည်ဆိုပါက ကလေး၏အကြားအာရုံ ဖွံ့ဖြိုးမှုမရှိနိုင် တော့ပေ။ ထို့ကြောင့် ကလေး၏အကြားအာရုံကို စောစီးစွာသိရှိပြီး လျင်မြန်ထိရောက်သော ကုသမှု ပေးရန်အရေးကြီးသည်။
အတွင်းနားအကြားအာရုံနှိုးဆွစက်တပ်ဆင်ရန် လိုအပ်သည့်အချက်များ
အတွင်းနားအကြားအာရုံနှိုးဆွစက်တပ်ဆင်မည့် ကလေးများအား ဆေးရုံအုပ်ကြီး၊ ပါမောက္ခဌာနမှူး၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီးများ၊ ဓာတ်မှန်ဆရာဝန်ကြီးနှင့် မေ့ဆေးဆရာဝန်ကြီး တို့ပါဝင်သော ဘုတ်အဖွဲ့မှ လူနာရှင်မိဘများနှင့် တွေ့ဆုံမေးမြန်းပြီး အမှန်တကယ်စက်တပ်ဆင်ရန် လိုအပ်မှု ရှိ၊ မရှိ၊ သင့်လျော်မှု ရှိ၊ မရှိ စိစစ်ရွေးချယ် ဆုံးဖြတ်သည်။ အတွင်းနားအကြားအာရုံနှိုးဆွစက် တပ်ဆင်မည့်ကလေးများအား အောက်ဖော်ပြပါ အချက်များပေါ် မူတည်၍ ရွေးချယ်နိုင်သည်။
-အသက်တစ်နှစ်ပြည့်ပြီး အသက်ခြောက်နှစ် မကျော်သေးသောကလေးများ။
-နားကြားကိရိယာ (Hearing Aid) သုံးလမှ ခြောက်လအတွင်း တပ်ဆင်ထားပြီး လုံလောက်သော အကြား အာရုံတိုးတက်မှုမရှိသူများ။
-ဦးနှောက်နှင့်ပတ်သက်သော ရောဂါများ၊ မွေးရာပါတခြားရောဂါများ (eg. Downs'Syndrome, Autism) နှင့် စိတ်ကျန်းမာရေးချို့တဲ့မှုမရှိသူများ။
-စက်ခွဲစိတ်တပ်ဆင်ရန် အလယ်နားနှင့်အတွင်းနား တည်ဆောက်မှုမှန်ကန်သူများ။
-အကြားအာရုံပေးသော အာရုံကြော (Vestibulo Cochlear Nerve) ပါရှိသူများ။
-ခွဲစိတ်ကုသမှုခံယူနိုင်ရန် ကျန်းမာရေးကောင်းမွန် သူများ။
-မိဘအုပ်ထိန်းသူများမှ စက်တပ်ဆင်ပြီးပါက နောက်ပိုင်းတွင် အရေးကြီးသော စကားပြော သင်ယူမှု အပိုင်းနှင့် ပညာဆက်လက် သင်ကြားပေးနိုင်သည်အထိ တိကျစွာလိုက်လံ ပံ့ပိုးတာဝန်ယူ လုပ်ဆောင် နိုင်သူများ။
အတွင်းနားအကြားအာရုံနှိုးဆွစက် တပ်ဆင်ရာတွင် ဆောင်ရွက်ပုံ
အတွင်းနားအကြားအာရုံနှိုးဆွစက် တပ်ဆင်ရန် လိုအပ်သော ကလေးများအား ဦးခေါင်းနှင့်နား၏ အခြေအနေကို သိရှိရန် ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT Scan)၊ အကြားအာရုံကြော (Vestibulo Cochlear Nerve) ပါရှိ၊ မရှိသိရန် MRI ရိုက်ခြင်း နှင့် ရှစ်မျိုးစပ်ကာကွယ်ဆေးထိုးနှံခြင်းများ ကြိုတင် ပြုလုပ်ပေးရသည်။
အတွင်းနားအကြားအာရုံနှိုးဆွစက် ခွဲစိတ်တပ်ဆင် မှုသည် ကလေးအတွက် အကြားအာရုံရရှိပြီး ပုံမှန် ကလေးများနည်းတူ စကားပြောဆိုနိုင်မှုရရှိရန် တစ်စိတ်တစ်ဒေသမျှသာဖြစ်၍ ခွဲစိတ်ပြီးနောက်ပိုင်း တွင် ပြန်လည်ထူထောင်ခြင်းပြုလုပ်ရမည့် စကားပြောသင်ယူမှု အပိုင်းများလည်း အရေးပါသည်။ လူနာရှင်မိသားစုကိုလည်း စက်တပ်ဆင်ခြင်းနှင့် စက်တပ်ဆင်ပြီးပါက လိုက်နာဆောင်ရွက်ရမည့် အရာများကို ဆွေးနွေးပြောဆိုခြင်းများ ပြုလုပ်ပေးရမည်ဖြစ်သည်။
အတွင်းနားအကြားအာရုံနှိုးဆွစက် ခွဲစိတ်တပ်ဆင် ပြီးပါကလည်း အတွင်းနားအကြားအာရုံနှိုးဆွစက် ဆိုင်ရာ ဆေးခန်းသို့ ပြန်လည်ခေါ်ယူပြီး စက်ဖွင့်ခြင်း၊ အကြားအာရုံပြန်လည်စမ်းသပ်ခြင်း၊ စကားပြော ကုထုံး (Speech Therapy)များပေးခြင်းနှင့် နောက်ပိုင်းတွင် သက်ဆိုင်ရာကျောင်းများ(ဥပမာ- နားမကြားသော ကလေးများကျောင်း)သို့ လွှဲပြောင်းအပ်နှံခြင်းများအထိ ဆက်လက် လုပ်ဆောင်ပေး ရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ပထမဆုံးသော အတွင်းနားအကြားအာရုံနှိုးဆွစက်
မြန်မာနိုင်ငံ၏ ပထမဆုံးသောအတွင်းနားအကြား အာရုံနှိုးဆွစက်ကို ဂျာမနီနိုင်ငံ ဘာလင်မြို့မှ ပါမောက္ခ Heidi Olze နှင့် မြန်မာနိုင်ငံ နား၊ နှာခေါင်း၊ လည်ချောင်းခွဲစိတ်ကု ဆရာဝန်များ ပူးပေါင်း၍ ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် တာမွေမြို့နယ်ရှိ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆေးရုံကြီး၌ စုစုပေါင်း လူနာငါးဦးကို ခွဲစိတ်တပ်ဆင်နိုင်ခဲ့သည်။ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် မလေးရှား နိုင်ငံ့ University of Malaysia မှ ပါမောက္ခ Prepagerannarayanan နှင့် မြန်မာဆရာဝန်များ ပူးပေါင်း၍ လူနာကိုးဦးကို လည်းကောင်း၊ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် Austria နိုင်ငံ Salzburg မြို့မှ ပါမောက္ခ Gerd Rasp ဦးဆောင်သောအဖွဲ့နှင့် မြန်မာဆရာဝန် များပူးပေါင်း၍ လူနာခြောက်ဦးကို လည်းကောင်း ထပ်မံခွဲစိတ်တပ်ဆင်ပေးခဲ့သည်။
၂၀၁၄ ခုနှစ်မှစ၍ ပြည်ပမှ ဆရာဝန်များ၏အကူ အညီမပါဘဲ မြန်မာနိုင်ငံ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်များအဖွဲ့မှ အတွင်းနားအကြားအာရုံနှိုးဆွ စက်များကို အောင်မြင်စွာခွဲစိတ်တပ်ဆင်ပေးနိုင်ခဲ့ရာ ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ ကလေး ငယ် ၃၅ ဦးအား ခွဲစိတ်တပ်ဆင်ပေးခဲ့ပြီးဖြစ်သည်။
အတွင်းနားအကြားအာရုံနှိုးဆွစက်ဆိုင်ရာ ဆေးခန်းများ ဖွင့်လှစ်ထားရှိ
အတွင်းနားအကြားအာရုံနှိုးဆွစက်ဆိုင်ရာဆေးခန်း (Cochlear Implant Clinic) များကို နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်ကုဌာနများတွင် ဖွင့်လှစ်ထားပြီး နေရာဌာနအသီးသီးမှ လွှဲပြောင်းပို့ဆောင်လာသည့် နားအကြားအာရုံချို့တဲ့ နေသောလူနာများကို ပြန်လည်စစ်ဆေးခြင်း၊ နားနှင့် ပတ်သက်၍ တခြားထိခိုက်နိုင်သော အကြောင်းများ ရှိ၊ မရှိ မေးမြန်းခြင်း၊ နားအကြားအာရုံ စမ်းသပ်ခြင်း များပြုလုပ်ပြီး အတွင်းနားအကြားအာရုံနှိုးဆွစက်တပ်ဆင်ရန် လိုအပ်ခြင်း ရှိ၊ မရှိ စစ်ဆေးဆုံးဖြတ်ခြင်းဖြစ်သည်။ ထိုသို့ဆုံးဖြတ်ရာတွင် ကလေး၏ အသက်၊ မိသားစု၏ အခြေအနေ၊ စက်တပ်ဆင်ပြီးနောက်ပိုင်း အရေးကြီးသော စကားပြောသင်ယူရာအပိုင်းတွင် လိုက်လံပံ့ပိုး လုပ်ဆောင် ပေးနိုင်မှု ရှိ၊ မရှိတို့အပေါ်မူတည်၍ ရွေးချယ်သည်။ စက်မတပ်ဆင်မီကာလတွင် နားကြားကိရိယာ (Hearing Aid) ကြိုတင်တပ်ဆင်ခြင်းနှင့် နားကြားကိရိယာတပ်ဆင်ပြီး အကြားအာရုံတိုးတက်မှုကို စက်ဖြင့် ပြန်လည်စမ်းသပ်ခြင်းများ ပြုလုပ်သည်။
အချုပ်အားဖြင့်ဆိုရသော် နှစ်စဉ် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ပံ့ပိုးဝယ်ယူပေးသည့် အတွင်းနားအကြား အာရုံနှိုးဆွစက်များကို ငွေကြေးမတတ်နိုင်သော မွေးရာပါ နားမကြားသည့် ကလေးလူနာများအား ရန်ကုန်မြို့ရှိ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် အထူးကုဆေးရုံကြီး၌ ခွဲစိတ် တပ်ဆင် ပေးလျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
ပါမောက္ခဒေါက်တာမေခင်သိန်း