၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဇွန် - ၅

၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

        အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဆုရရှိကြသူများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများတက် ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင် မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအားလုံး၏ ပတ်ဝန်းကျင် ဆိုင်ရာပြဿနာများကို ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်လာကြစေရန်အတွက် ၁၉၇၂ ခုနှစ် တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ၁၉၇၃ ခုနှစ်မှစတင်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်း အနားများကိုကျင်းပခဲ့သည်မှာအခုအခါ နှစ်(၅၀)ပြည့်မြောက်သည့် ရွှေရတုကိုရောက်ရှိ ခဲ့ပြီဖြစ်ပါကြောင်း၊ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်အဖြစ် “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ (Solutions to Plastic Pollution)”ဟု သတ်မှတ်ထားပါကြောင်း၊ ယခုနှစ်ဆောင်ပုဒ်၏ ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝန်းလုံးရှိ လူသားတို့၏ ပြုမူဆောင်ရွက်ချက်များကြောင့် ဖြစ်ပေါ်လာသည့် ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်ဆိုင်ရာ အကျိုးဆက်များကို နိုင်ငံများအားလုံး ဖြေရှင်းဆောင်ရွက်ရန်၊ ပလတ်စတစ်ညစ်ညမ်းမှု ကိုင်တွယ်ဖြေရှင်း ခြင်းကို အရှိန်မြှင့်တင်ဆောင်ရွက်ရန်၊ စွန့်ပစ်ပစ္စည်းအနည်းဆုံးနှင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေသည့် ပတ်လည် စီးပွားရေးလုပ်ငန်း(Circular Economy) သို့ အသွင်ကူးပြောင်းရန် အချိန်ကျရောက်ပြီဖြစ်သည်ကို သတိပေးလိုက်ခြင်းပင် ဖြစ်ပါ ကြောင်း။

        ပလတ်စတစ်၏ဆိုးကျိုးနှင့်ပတ်သက်၍ ပလတ်စတစ်သည် သဘာဝအလျောက် မပျက်စီးသည့်၊ ပြိုကွဲပျောက်ပျက်ရန်မလွယ်သည့်၊ ပတ်ဝန်းကျင်ကို ညစ်ညမ်းပြီး အန္တရာယ်ဖြစ်စေသည့် ပစ္စည်းများထဲမှတစ်ခုဖြစ်ပြီး နှစ်ပေါင်းများစွာကြာမှသာ ပြိုကွဲ ပျက်စီးနိုင်ပါကြောင်း၊ ကုန်းမြေနှင့်ရေလမ်းကြောင်း၌ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ ကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် ရေမြောင်းများ၊ မြစ်ချောင်းများ၏ ရေလမ်းကြောင်း စီးဆင်းမှုများ ပိတ်ဆို့မှုဖြစ်ပွားပြီး ရေကြီးရေလျှံသည်အထိပါ ဖြစ်ပွားစေပါကြောင်း၊ ရေလမ်းကြောင်းအနီး၌ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို စည်းကမ်းမဲ့ စွန့်ပစ်ခြင်း သည် ရေချိုသယံဇာတများကို ညစ်ညမ်းစေသည်သာမကဘဲ ရေအရည်အသွေးကို လည်း ကျဆင်းစေခြင်းဖြစ်ပါကြောင်း၊ အဆိုပါစွန့်ပစ်ပလတ်စတစ်များသည် မြစ် ချေောင်းများမှတစ်ဆင့် ပင်လယ်သမုဒ္ဒရာ အဏ္ဏဝါပတ်ဝန်းကျင်ကို ရောက်ရှိပြီး အချိန် ကြာလာသည်နှင့်အမျှ သေးငယ်သည့်ပလတ်စတစ်အပိုင်းအစများ (မိုက်ခရိုပလတ်စတစ်) အဖြစ် ပြောင်းလဲဖြစ်ပေါ်ကာ အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလည်း ဖြစ်ပေါ်စေပါ ကြောင်း။

        ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို ဖျောက်ဖျက်ပစ်ရန် မီးရှို့ဖျက်ဆီးမည်ဆို ပါကလည်း ကာဗွန်မိုနောက်ဆိုဒ်၊ ဒိုင်အောက်စင်၊ ဟိုက်ဒရိုဂျင် ဆိုင်ယာနိုက်စသည့် ဓာတ်ငွေ့များထွက်ရှိလာပြီး လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့်အတွက် လူသား များ၏ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက် စေနိုင်ပါကြောင်း၊ ထို့ကြောင့် ပလတ်စတစ် သည် စတင်ထုတ်လုပ်သည့်အချိန်မှစ၍ အသုံးပြုပြီး စွန့်ပစ်သည့်အချိန်အထိ ၎င်း၏ သက်တမ်းတစ်လျှောက်လုံးတွင် သဘာဝပတ်ဝန်းကျင် လေထု၊ မြေထု၊ ရေထုကို ညစ်ညမ်းစေသည် သာမကဘဲ ကုန်းနေရေနေသတ္တဝါများကိုပါ အန္တရာယ်များစွာ ကျရောက်စေပါကြောင်း၊ ကမ္ဘာပေါ်ရှိ လူတစ်ဦးချင်းစီသည် ယေဘုယျအားဖြင့် တစ်နှစ် လျှင် ပျမ်းမျှပလတ်စတစ်အမှုန်ပေါင်း ၅၀,၀၀၀ နှင့်အထက် ခန္ဓာကိုယ်အတွင်းကို အကြောင်းအမျိုးမျိုးနှင့် ရောက်ရှိလျက်ရှိကြောင်းကို ကုလသမဂ္ဂပတ်ဝန်းကျင် အစီ အစဉ်က ထုတ်ပြန်သည့်သတင်းအချက်အလက်များအရ သိရှိရပါကြောင်း၊ အဆိုပါ ကိစ္စရပ်သည်မည်မျှ အန္တရာယ်ကြီးသည်ကို စဉ်းစားကြည့်ပါကသိနိုင်ပါကြောင်း။

        မြစ်ချောင်းများသည် ပလတ်စတစ်အမှိုက်များကို ကုန်းတွင်းပိုင်းမှ ပင်လယ်ထဲ ကို သယ်ဆောင်ပြီး သမုဒ္ဒရာညစ်ညမ်းမှုကို အဓိကဖြစ်စေပါကြောင်း၊ လက်ရှိသမုဒ္ဒရာ များအတွင်း ပလတ်စတစ်တန်ချိန် ၇၅ သန်းမှ ၁၉၉ သန်းခန့်အထိ တွေ့နိုင်သည်ဟု လေ့လာချက်များအရသိရှိရပါကြောင်း၊ ပလတ်စတစ်ထုတ်လုပ်မှု၊ သုံးစွဲမှုနှင့် စွန့်ပစ်မှု ပုံစံများကို မပြောင်းလဲပါက ရေနေဂေဟစနစ်အတွင်းကို ပလတ်စတစ်အမှိုက် ဝင်ရောက်မှု ပမာဏသည် တစ်နှစ်ကိုတန်ချိန် ၁၉ သန်းမှ ၂၃ သန်းအထိရှိနေပြီး ၂၀၄၀ ပြည့်နှစ်တွင် သုံးဆနီးပါးတိုးလာနိုင်သည်ကို ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်၏ ဖော်ပြထားချက်များအရ လေ့လာသိရှိရပါကြောင်း။

        ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization- FAO)က ထုတ်ပြန်သည့် “၂၀၂၂ ခုနှစ် ကမ္ဘာလုံးဆိုင်ရာငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေးလုပ်ငန်းအစီရင်ခံစာ(The State of World Fisheries and Aquaculture 2022)” အရ ပင်လယ်နေသတ္တဝါများကို အလွန်အကျွံဖမ်းဆီးခြင်း၊ ရေထု ညစ်ညမ်းခြင်း၊ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းနှင့် အခြားအကြောင်းများကြောင့် ရေနေသတ္တဝါ များနှင့်ရေသယံဇာတများ ဆက်လက်ကျဆင်းနေသည်ကိုတွေ့ရှိရပါကြောင်း၊ စွန့်ပစ် ထားသည့်ငါးဖမ်းပိုက်များ၊ ပျောက်ဆုံးသွားသည့် ငါးဖမ်းပိုက်များ၊ အသုံးပြု၍မရတော့ သည့် ငါးဖမ်းပိုက်များသည် အဏ္ဏဝါပလတ်စတစ်အမှိုက်သရိုက်များ၏ စိန်ခေါ်မှုသည် ကမ္ဘာ လုံးဆိုင်ရာပြဿနာတစ်ခုဖြစ်နေသည်ကိုဖော်ပြထားပါကြောင်း။

        အာဆီယံဒေသတွင်း အဏ္ဏဝါအမှိုက်သရိုက် တိုက်ဖျက်ရေးဆိုင်ရာ ဘန်ကောက် ကြေညာစာတမ်းနှင့် အာဆီယံမူဘောင်ကို ၂၀၁၉ ခုနှစ်တွင် အတည်ပြုခဲ့ရာ မြန်မာ နိုင်ငံက ပူးပေါင်းပါဝင်ခဲ့ပြီး အဏ္ဏဝါအမှိုက်သရိုက် တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံ ဒေသတွင်း (၂၀၂၁-၂၀၂၅) လုပ်ငန်းအစီအစဉ်၌ မြန်မာနိုင်ငံအနေဖြင့် အခြားအာဆီယံ နိုင်ငံများနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၅ နှင့် ပုဒ်မ ၃၉၀ ၊ ပုဒ်မခွဲ (ခ)တို့တွင် သဘာဝပတ်ဝန်းကျင်ကို ကာကွယ် ထိန်းသိမ်းရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ တာဝန်ရှိမှုကို သတ်မှတ် ပြဋ္ဌာန်းထားပါကြောင်း၊ ထို့ကြောင့် မိမိတို့တစ်တွေသည် မူလကတည်းက သဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူများဖြစ်ကြသည့် အားလျော်စွာ နိုင်ငံတော်၏ သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် မိမိတို့တတ်နိုင်သည့်ကဏ္ဍမှ တာဝန် သိတတ်သည့်စိတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါ ကြောင်း။

မြန်မာနိုင်ငံအနေဖြင့် “မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာ” နှင့် “ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)” တွင် ရည်မှန်းချက် ပန်းတိုင်(၆)ခုကို အခြေခံချမှတ်ထားပြီး ပလတ်စတစ်ညစ်ညမ်းမှုကို အဓိကဦးစားပေး ဖြေရှင်းရန် သတ်မှတ်ထားပါကြောင်း၊ မြန်မာနိုင်ငံသည် ဘေးအန္တရာယ်ဖြစ်စေသော စွန့်ပစ်ပစ္စည်းများနှင့် ၎င်းတို့၏စွန့်ပစ်မှုအား နယ်စပ်ဖြတ်ကျော်သယ်ဆောင်ခြင်းကို ထိန်းချုပ်ခြင်းဆိုင်ရာ ဘာဆယ်ကွန်ဗင်းရှင်း၏အဖွဲ့ဝင်နိုင်ငံအနေဖြင့် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများတင်သွင်း၊ တင်ပို့ခြင်းကိစ္စရပ်များအပေါ် ကွန်ဗင်းရှင်းပါ ကတိကဝတ် များနှင့်အညီ ပတ်ဝန်းကျင်မထိခိုက်စေသော ခိုင်လုံသည့်အစီအမံ (Environmentally Sound Management)” နှင့် ဆောင်ရွက်လျက်ရှိပါကြောင်း။

        မြန်မာနိုင်ငံသည် မြေပေါ်သယံဇာတဖြစ်သည့် သစ်နှင့်ဝါးကုန်ကြမ်းများ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သောကြောင့် တစ်ခါသုံးပလတ်စတစ်အစားထိုးသုံးပစ္စည်း များကိုစနစ်တကျထုတ်လုပ်နိုင်သည့် အခြေခံများရှိပြီးဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်း ကျင်ကို ထိန်းသိမ်းသည့်အနေဖြင့် သစ်တောများ စနစ်တကျပြုပြင်ထိန်းသိမ်း စိုက်ပျိုး ထုတ်လုပ်ခြင်းကို ကမ္ဘာတွင်စံပြအဖြစ် ကောင်းစွာပြုလုပ်နိုင်ပါကြောင်း၊ ပလတ်စတစ် အစားထိုးစက္ကူမျိုးစုံ ထုတ်လုပ်ခြင်းကို သစ်တောများ ပြန်လည်ထိန်းသိမ်းခြင်း အနေ ဖြင့် မိမိတို့ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

ထို့အတူပြည်တွင်းမှ ပလတ်စတစ်စွန့်ပစ်ပစ္စည်းအပါအဝင် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည့် စွန့်ပစ်ပစ္စည်းများကို တတ်နိုင်သမျှလျှော့ချရန်၊ ပြန်လည်သုံးစွဲ ရန်နှင့် စွန့်ပစ်ပစ္စည်းများကို ပြန်လည်ပြုပြင်ထုတ်လုပ်သည့် ပြည်တွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကို အားပေးဆောင်ရွက် ရမည် ဖြစ်ပါကြောင်း၊ ပြည်တွင်းမှာမလိုလားအပ်သည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများမှ ရှောင်ရှားနိုင်ရန်ပြည်ပနိုင်ငံများက စွန့်ပစ်ပစ္စည်းများ တင်သွင်းလာမှုတွေမရှိစေရေး အတွက်လည်း အထူးအလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံ အတွင်း စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို လက်တွေ့ဆောင်ရွက်နေကြသည့် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်သည့် စနစ်နှင့် အမှိုက်ခွဲခြား သိမ်းဆည်းသည့် စနစ်တို့ကိုလည်း ပိုမိုကောင်းမွန်လာစေရေး အကောင်အထည်ဖော် ဆောင်ရွက်ကြရန်ကိုလည်း တိုက်တွန်းမှာကြားလိုပါကြောင်း။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံး ပလတ်စတစ်ညစ်ညမ်းမှုမှကင်းဝေးပြီး ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက် ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့(Solutions to Plastic Pollution)” ဆိုသည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်နှင့်အညီ ပလတ်စတစ် ညစ်ညမ်း မှုကိုလျော့ကျစေရန် 3R စနစ်ဖြစ်သည့် ပလတ်စတစ်သုံးစွဲမှုကိုလျှော့ချခြင်း (Reduce)၊ တစ်ခါသုံး ပလတ်စတစ်သုံးစွဲမှုရှောင်ကြဉ်ပြီး ပြန်လည်အသုံးပြုခြင်း (Reuse)နှင့် စွန့်ပစ်ပလတ်စတစ်ပစ္စည်းများကို ကုန်ကြမ်းအဖြစ် ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း (Recycle)တို့ကို ရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ပလတ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ရေးကို မိမိတို့ပြည်သူလူထုအားလုံး ဝိုင်းဝန်းပူးပေါင်းဖြေရှင်း ဆောင်ရွက်သွားကြပြီး ပိုမိုကောင်းမွန်သော သဘာဝပတ်ဝန်းကျင်ကို တည်ဆောက် သွားကြပါရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ သဝဏ်လွှာဗီဒီယိုနှင့် ကုလသမဂ္ဂပတ်ဝန်းကျင် အစီ အစဉ်(UNEP)၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ သဝဏ်လွှာ ဗီဒီယို ကိုပြသသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့ဆုရရှိသည့် နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ် မှတာဝန်ရှိသူထံလည်းကောင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန် သော ကျေးရွာဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့ အုန်းပင်စုကျေးရွာမှ တာဝန်ရှိသူထံ လည်းကောင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန် သော စက်ရုံဆုရရှိသည့် Global Earth Seafood Processing Plant and Cold Storage Facility Global Earth ARGO and AQUA Industry Public Company Limited မှ တာဝန်ရှိသူထံလည်းကောင်း ဆုများပေးအပ် ချီးမြှင့်သည်။

ယင်းနောက် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အမျိုးသားအဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်း (အထက်တန်းအဆင့်) ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိကြသည့် ကျောင်းများကိုလည်းကောင်း၊ ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက စိမ်းလန်း စိုပြေသောကျောင်း(မူလတန်းအဆင့်)ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ကျောင်း များကိုလည်းကောင်း၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အလွတ်တန်းဆောင်းပါး ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူ များကိုလည်းကောင်း၊ ကောင်စီဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်က ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အလွတ်တန်း စာစီစာကုံး ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသူများကိုလည်းကောင်း ဆုများပေးအပ် ချီးမြှင့်ကြသည်။

ထို့နောက် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး ဗီဒီယို ကို ပြသသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံ ရိုက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပြခန်းများကို စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်းသတင်းရရှိသည်။