နေပြည်တော်၊ သြဂုတ် - ၁၀
ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနများ၌ ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အာဟာရပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အာဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော်သားများက သွားရောက်ပေးအပ် လှူဒါန်းလျက်ရှိ သည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နှင့် လင်းခေးမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ဘန်းယဉ်မြို့နှင့် မိုးဗြဲတို့ရှိ တိုက်နယ်ဆေးရုံများ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နှင့် မိုင်းယောင်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်မြို့ ပြည်သူ့ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့၊ ရွာသစ်ရွာ၊ တိုက်နယ်ပြည်သူ့ဆေးရုံ၊ ချင်းပြည်နယ်၊ ဟားခါးမြို့ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် ပြည်သူ့ဆေးရုံနှင့် မကွေးတိုင်းဒေသကြီး၊ ပဒါန်းတိုက်နယ်ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့ပြည်သူ့ဆေးရုံနှင့် ပြည်မြို့၊ ပေါင်းတလည်တိုက်နယ် ဆေးရုံတို့၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်၍ ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလက်ဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်)စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။