စစ်တွေမြို့၊ ကြက်ကိုင်းတန်ကျေးရွာရှိ မိုးစပါးစံပြကွက်စိုက်ပျိုးပြသနိုင်ရေး ဆောင်ရွက် မှုနှင့် စစ်တွေတပ်နယ်ရှိ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး၊ မုန်တိုင်းကြောင့် ပျက်ဆီးခဲ့သည့် မြဝတီရုပ်သံလွှင့် တာဝါတိုင်တည်ဆောက်မှု၊ လက်ဝဲသလုံးတော်ဓာတ် စေတီတော် သာ

စစ်တွေမြို့၊ ကြက်ကိုင်းတန်ကျေးရွာရှိ မိုးစပါးစံပြကွက်စိုက်ပျိုးပြသနိုင်ရေး ဆောင်ရွက် မှုနှင့် စစ်တွေတပ်နယ်ရှိ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး၊ မုန်တိုင်းကြောင့် ပျက်ဆီးခဲ့သည့် မြဝတီရုပ်သံလွှင့်တာဝါတိုင် တည်ဆောက်မှု၊ လက်ဝဲသလုံးတော်ဓာတ် စေတီတော် သာသနိကအဆောက်အဦများပျက်ဆီးမှုအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇွန် - ၆

        ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ စိုက်ပျိုးရေး/ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ထွဋ် တို့က တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကြက်ကိုင်းတန်ကျေးရွာ၌  တောင်သူပညာပေးမိုးစပါးစံပြကွက် စိုက်ပျိုးပြသနိုင်ရန် စက်မှု လယ်ယာဦးစီးဌာနက ထွန်စက်များဖြင့် လယ်ယာများထွန်ယက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက ယခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် စပါးအထွက်နှုန်းကောင်းမွန်စေရေးအတွက် ဒေသနှင့်ကိုက်ညီသည့် စပါးမျိုးများကို နည်းစနစ်မှန်ကန်စွာဖြင့် စိုက်ပျိုးလုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် တောင်သူ ပညာပေးစံပြစိုက်ကွက်များ စိုက်ပျိုးပြသရန် ဆောင်ရွက်နေမှုအခြေအနေ များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

       ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲ့ဝင်များသည် စစ်တွေ တပ်နယ်တွင် ဆောင်ရွက်ထားရှိသည့် DYL ဝက်မွေးမြူရေးခြံများနှင့် ဥစားကြက် မွေးမြူရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒေသတွင်းစားရေရိက္ခာ ဖူလုံစေရေးအတွက် ကုန်ထုတ်လုပ်မှုများ ရာနှုန်းပြည့်ထုတ်လုပ်ဆောင်ရွက်နိုင်ရန် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

       ဆက်လက်၍ မိုခါ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်ဆီးခဲ့သည့် မြဝတီရုပ်မြင်သံကြား ထပ်ဆင့်လွှင့် တာဝါတိုင်ကို ၆၅ မီတာတာဝါတိုင် အသစ် ပြန်လည်တည်ဆောက်ရန်အတွက် ဆောင်ရွက်နေမှုနှင့် ထပ်ဆင့်လွှင့်ရုပ်သံ အဆောက် အဦအသစ်  ဆောက်လုပ်မည့်မြေ နေရာတို့အား  ကြည့်ရှုစစ်ဆေးရာ  တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သတ်၍ ရှင်းလင်းပြသကြသည်။

          ယင်းနောက် အဖွဲ့ဝင်များသည် စစ်တွေမြို့ရှိ လက်ဝဲသလုံးတော်ဓာတ်စေတီ တော်မြတ်ကြီးအား သွားရောက်ဖူးမြှော်ကြည်ညိုပြီး ဂေါပကအဖွဲ့နှင့် တွေ့ဆုံကာ မုန်တိုင်းကြောင့် ပျက်ဆီးခဲ့သည့် သာသနိကအဆောက်အဦများကို ပြန်လည်ပြုပြင် တည်ဆောက်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။