တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ နှစ်ပတ်လည် အစည်းအဝေး တက်ရောက်
နေပြည်တော်၊ ဇွန် - ၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ နှစ်ပတ်လည် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် မြိတ်ခရိုင်၊ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး အစည်း အဝေးခန်းမ၌ ပြုလုပ်ရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ရာတာဝန်ရှိသူတစ်ဦးက လက်ခံ ရယူသည်။ ထို့နောက် တိုင်းမှူးက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ဆက်လက်၍ နယ်မြေခံဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်း အဖွဲ့ဝင် များအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ် စစ်ဆေးခြင်း၊Ultrasound ရိုက်ခြင်း၊ သွားရောဂါ၊ အရိုးအကြောရောဂါနှင့် အထွေထွေ ရောဂါများနှင့် ပတ်သက်၍ ဆေးကုသခြင်းများ ဆောင်ရွက်ပေးနေမှုကို တိုင်းမှူးက လိုက်လံ ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေများ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။