အရေးကြီးပြီ သွေးစည်းကြစို့

ယမန်နေ့မှအဆက်

ထိုအတွင်း အခွင့်အရေးတစ်ခုပေါ်ပြန်သည်။ ယင်းမှာ အင်ဂျင်နီယာဌာန၏ လက်ထောက်အင်ဂျင်နီယာဖြစ်သော ဒေးဗီးသည် ကိုယ်ရေးကိုယ်တာကိစ္စနှင့်အင်္ဂလန်သို့ ပြန်သွားသည်။ ထိုအခါ မက်ကောကန်ထရိုက်ကုမ္ပဏီက လူသစ်ထပ်မပို့တော့။ အင်ဂျင်နီယာချုပ် ဟန့်တားက သောင်းဒန်ကို   လက်ထောက်အင်ဂျင်နီယာနေရာ၌ လုပ်ကိုင်စေသည်။ ဟန့်တားသည် သောင်းဒန်နှင့်သက်တူရွယ်တူပင်ဖြစ်သည်။ လန်ဒန်က အမ်အက်စီ အင်ဂျင်နီယာဘွဲ့ကိုရသည်။ သောင်းဒန်ကို သင်ကြားပြသပေးသည်။ သောင်းဒန်နှင့် ဆွေးနွေးဝေဖန်သည်။

သောင်းဒန်လက်အောက်တွင် ကျောင်းဆင်းစ ဘီအက်စီအင်ဂျင်နီယာခြောက်ယောက်ရှိသည်။ သောင်းဒန်သာမဟုတ်၊ ဦးခင်မောင်ရင်၊ ဦးခင်မောင်ရီ၊ ဦးသော်ကောင်း၊ ဦးဇော်ဝင်း သူတို့လည်း  အတွေ့အကြုံရကြသည်။

သူတို့အားလုံး တိုင်တိုင်ပင်ပင်လုပ်ကြသည်။ သူတို့သည် နိုင်ငံခြားသားများနှင့် တွဲဖက်လုပ်ကိုင် နေရသည်ဖြစ်ရာ မြန်မာ့ဂုဏ် မပျက်စေရအောင်၊ မြန်မာ့နာမည် မပျက်စေရအောင် အလုပ်ကို လေးလေးစားစား လုပ်ကြသည်။

အလုပ်ချိန်ကိုလည်း လေးစားကြသည်။

သီရိကျက်သရေတံတားတွင် ထူးခြားချက်တစ်ခုရှိသည်။ ယင်းကား မြန်မာအင်ဂျင်နီယာသမိုင်းတွင် ပထမဆုံးအကြိမ် ကြိုတင်အားဖြည့်ကွန်ကရစ်ဘောင်အသုံးပြုခြင်းဖြစ်သည်။ ယခုအခါ နိုင်ငံခြားတိုင်းပြည်များတွင် ကြိုတင်အားဖြည့် ကွန်ကရစ်ကို အများအပြား အသုံးပြုနေကြသည်။ ယင်းသို့ အသုံးပြုခြင်းဖြင့် စရိတ်သက်သာသည်။ မြန်မာပြည်တွင်ကား တံတားမှန်သမျှကို သံမဏိဘောင်များ၊ သံမဏိရက်မများဖြင့် အသုံးပြုကာ ဆောက်လုပ်ကြသည်။ ယင်းသံမဏိဘောင်များကို တစ်ကမ္ဘာလုံးသို့ အင်္ဂလန်ပြည်ရှိ အာပီတီကော်ပိုရေးရှင်းက ဖြန့်ချိသည်။ ရင်ဒယ်ပါလမာနှင့်ထရစ်ဒွန် ကော်ပိုရေးရှင်းမှာ ယင်း၏နာမည်အရှည် ဖြစ်သည်။

အာပီတီထရက်တံတားဆိုလျှင် အင်ဂျင်နီယာတိုင်း နားလည်ကြသည်။ ဤသံမဏိဘောင်၊ သံမဏိရက်မခေတ်ကား ကုန်ခဲ့ပြီ။ ယခုအခါ အင်ဂျင်နီယာလောကတွင် ကြိုတင်အားဖြည့်ကွန်ကရစ် ခေတ်စားလာသည်။

အကြောင်းမှာလည်း ယင်းသည် သံမဏိဘောင်ထက် ငွေကုန်ကြေးကျပို၍ သက်သာသောကြောင့် ဖြစ်သည်။

မြန်မာပြည်လို မဖွံ့ဖြိုးသေးသည့်တိုင်းပြည်များ၊ နိုင်ငံခြားငွေမသုံးနိုင်သည့် တိုင်းပြည်များ၊    သံမဏိမထွက်သည့် တိုင်းပြည်များအတွက် အလွန်သင့်လျော်သည့် ပစ္စည်းများ ဖြစ်သည်။ တံတားတစ်ခုကို သံမဏိဘောင်ဖြင့် ဆောက်မည်ဆိုလျှင် နိုင်ငံခြားငွေ ၆၀ ရာခိုင်နှုန်းသုံးရမည်။ ကြိုတင်အားဖြည့်ကွန်ကရစ်ဘောင်နှင့် ဆောက်လျှင်ကား နိုင်ငံခြားငွေ ၄ ရာခိုင်နှုန်းသာ သုံးရမည်။ သို့ရာတွင် လိုချင်သောအတိုင်းအတာရအောင် ကြိုတင်အားဖြည့်ကွန်ကရစ်ဘောင်တစ်ခု ဆောက်ဖို့ အတွေ့အကြုံလိုသည်။ အတွက်အချက်၊ အချိန်အဆလိုသည်။

အင်္ဂလိပ်အင်ဂျင်နီယာများက သီရိကျက်သရေတံတားတွင် ကြိုတင်အားဖြည့်ကွန်ကရစ်ဘောင်ကို အသုံးပြုသွားသည်။   သီရိတံတားသည်  အလျား ၈၈၉ ပေရှိ၍ အကျယ်ပေ ၄၀၊ အမြင့်ပေ ၄၀ ရှိသည်။

တိုင်ရှစ်လုံးပေါ်တွင် တင်ထားသည်။ တိုင်များကို ရွှေပြည်ကြီးချောင်းတွင်စိုက်ရသည်။ အခန်းတစ်ခန်းတွင် ကြိုတင်အားဖြည့်   ကွန်ကရစ်ဘောင်ခြောက်ခုတင်သည်။

ကြိုတင်အားဖြည့် ကွန်ကရစ်ဘောင်ဆိုသည်မှာ အင်္ဂလိပ်အက္ခရာအိုင်ပုံသဏ္ဌာန်ရှိ ကွန်ကရိရက်မကြီးပင်ဖြစ်သည်။ အလျားပေ ၁၀၀၊ အမြင့် ၅ ပေရှိသည်။

ယင်းမှာ ကြိုတင်အားဖြည့် ကွန်ကရစ်နည်းဖြင့် ပုံသွန်းထားခြင်းကြောင့် ဤမျှ သေးငယ်နေရခြင်းဖြစ်သည်။

တံတားပေါ်တွင် တန် ၄၀ အလေးချိန်ရှိသည့် မော်တော်ကားဖြတ်လျှင် ခံနိုင်ရည်ရှိသည်။ ဤနည်းဖြင့်မဟုတ်ဘဲ ရိုးရိုးနည်းဖြင့် ကွန်ကရစ်ဘောင်တစ်ခုပုံ လောင်းမည် ဆိုလျှင်လည်း ဖြစ်နိုင်သည်။ သို့သော် ဝန်ကျယ်လာမည်။ ပို၍လေးလာမည်။ အကိုင်ရအတွယ်ရ ခက်ခဲလာမည်။ အလျားပေ ၁၀၀၊ အမြင့် ၅ ပေရှိသော ကြိုတင်အားဖြည့်ကွန်ကရစ်ရက်မ၏ ခံနိုင်ရည်အားနှင့်တူညီသော ရိုးရိုးကွန်ကရစ်ရက်မတစ်ခု ပုံလောင်းမည်ဆိုလျှင် အမြင့် ၁၀ ပေမျှရှိရလိမ့်မည်။ ဤတွင် ကွန်ကရစ်အကုန်အကျလည်း သက်သာသည်။ အရေးကြီးသည့် အစိတ်အပိုင်းမှာ အားဖြည့်သံကြိုးဖြစ်သည်။ ယင်းသည်တစ်မတ်လုံးအရွယ်ရှိသည်။ ပေ ၁၀၀ ရှည်သောဘောင်တစ်ခုတွင် တစ်မတ်လုံးအားဖြည့် သံမဏိကြိုး ၁၂ ခုပူးတစ်ချောင်းစီ ရှစ်ချောင်းထည့်ရသည်။ ပထမကွန်ကရစ်ပုံ လောင်းလိုက်သည်။   အားဖြည့်သံမဏိကြိုးများထည့်ရန်နေရာချန်ထားသည်။ ပုံလောင်း၍ ၂၈ ရက်ရှိသည့်အခါ အားဖြည့်သံမဏိကြိုးများကို ဆွဲဆန့်သည့် ကိရိယာဖြင့်   နှစ်ဖက်ဆွဲဆန့်ကာ   ညှပ်ထားလိုက်သည်။

ဤသည်မှာ ဈေးလည်း သက်သာ၊ ဝန်လည်း ကျဉ်းသောကြိုတင် အားဖြည့်ကွန်ကရစ်ရက် မသဘောပင် ဖြစ်သည်။ ပုံလောင်းရာတွင် သံမဏိကြိုးများ ထည့်ရာတွင် တွက်နည်း၊ ချက်နည်းများရှိသည်။

သောင်းဒန်တို့ လူသိုက်သည် အင်္ဂလိပ်အင်ဂျင်နီယာများထံမှ တွက်နည်းချက်နည်းရော၊ လုပ်ထုံးလုပ်ဟန်ပါရအောင် ယူလိုက်သည်။

သီရိတံတားပြီးခါနီးတွင်   သောင်းဒန်သည်  သီရိချဉ်းကပ်လမ်းကိုလည်းကောင်း၊ သရက်သီးဈေးတံတားကိုလည်းကောင်း ဆောက်လုပ်ရန် တာဝန်ကျသည်။

သရက်သီးဈေး   ခုံးတံတားကို  ကြိုတင်အားဖြည့် ကွန်ကရစ်ဘောင်များဖြင့် ပထမဆုံးတီထွင်ဆောက်လုပ်ခဲ့သည်။ ထိုတံတား၏အလျားမှာ ပေ ၇၀ သာရှိသည်။

ထိုတံတားသည်  အောင်မြင်သည်။  သောင်းဒန်ကို လူကြီးများ  မျက်မှန်းတန်းမိနေပြီ။  သောင်းဒန်၏ လုပ်ရည်ကိုင်ရည်ကို လူကြီးများလေးစားစပြုလာသည်။

ထိုအချိန်တွင် စင်ရော်ချောင်းတံတား ဆောက်လုပ်ရေးအတွက် အင်ဂျင်နီယာရှာနေကြသည်။ ရှည်ရှည်ဝေးဝေး စဉ်းစားလေလေ ဦးနှောက်ခြောက်လေလေ ဖြစ်နေကြသည်။ နီးနီးနားနားတွင် သောင်းဒန်ရှိနေသည်။

သောင်းဒန်ကမူ စင်ရော်ချောင်းတံတားကို သူပဲဆောက်ရမည်ဟု နားလည်ထားသည်။ မကြာပါ။ နီးနီးနားနားတွင် ရှိနေသော သောင်းဒန်ကိုပင် စင်ရော်တံတားဆောက်လုပ်ရေးအတွက် တာဝန်ပေးလိုက်လေသည်။

သောင်းဒန်ဝမ်းသာသည်။ တံတားဆောက်နိုင်သူတွေ အများအပြားရှိသည့်အနက် သူ့ကိုမှရွေး၍  စင်ရော်တံတား ဆောက်ခိုင်းသည့်အတွက် သူ ကြိုးစားရတော့မည်။ အတွေ့အကြုံတစ်ခု တိုးလာတော့မည်ဟု ယုံကြည်ကာ ဝမ်းသာသည်။ သူ ရခဲ့သည့်အတွေ့အကြုံ၊ အသိအမြင်တို့နှင့်ဆိုလျှင် စင်ရော်တံတားကို သူဆောက်နိုင်မည်ဟု ယုံကြည်သည်။ တစ်ဖက်တွင်မူ သူတို့တွင် အတွေ့အကြုံလိုသေးသည်။ လေ့လာဆည်းပူးစရာများ လိုသေးသည်။  ရုံးတွင် ထိုင်ရသည့်ရုံးအလုပ်ကို သောင်းဒန်မကြိုက်။ တလှုပ်လှုပ် တရှားရှားနှင့် လုပ်နေကိုင်နေချင်သည်။ သို့သော် အိမ်သူသက်ထားကိုကား နားလည်အောင်ပြောပြ ရလိမ့်မည်။ ခွင့်ပြုအောင် မနည်းပင် ဖျောင်းဖျရလိမ့်မည်။ ယခုအတိုင်းဆိုလျှင် ကား စင်ရော်တံတားဆောက်မည့်သူသည် သောင်းဒန်။

သူတို့အဖွဲ့တွင် လူခြောက်ယောက်ပါသည်။ သောင်းဒန်နှင့်သော်ကောင်းမှာ ထိုအဖွဲ့တွင် လက်တွေ့အကောင်အထည် ဖော်မည့်သူများ ဖြစ်သည်။ သူတို့အဖွဲ့သည် လေ့လာရေးအဖွဲ့လည်း ဖြစ်သည်။ ကျန်ပုဂ္ဂိုလ်လေးယောက်မှာ သူတို့အထက်မှ တာဝန်အဆင့်ဆင့်ရှိသူများဖြစ်ကြသည်။ သူတို့သည် ရန်ကုန်မှစိမ့်မြိုင်သို့ ရောက်လာကြသည်။ စိမ့်မြိုင်တွင် တာဝန်ရှိသူတို့နှင့်တွေ့ရသည်။ နယ်ဘက်၊ စစ်ဘက်အစုံအညီပင်ဖြစ်သည်။ သူတို့အဖွဲ့ကား စင်ရော်တံတားဆောက်လုပ်ရေး၏ ပဏာမလေ့လာရေးအဖွဲ့ဖြစ်သည်။ တံတားဆောက်မည်ကို သဘောတူပြီး သည့်နောက် နေရာရွေးချယ်ရေးသည် ပထမဆင့် အရေးကြီးသည့်လုပ်ငန်း ဖြစ်သည်။

စင်ရော်သည် စိမ့်မြိုင်၏လက်အောက်ခံဖြစ်သည်။

စိမ့်မြိုင်၌ ခရိုင်ဝန်ရှိသည်။ စင်ရော်ကား မြို့ပိုင်အုပ်ချုပ်သောမြို့လေးတစ်မြို့မျှသာ ဖြစ်သည်။ အကြောင်းကြီး ငယ်တို့သည်လည်းကောင်း၊ အမှုကိစ္စအ၀၀တို့သည် လည်းကောင်း စိမ့်မြိုင်က ပြီးမှ ပြီးရသည်။ စိမ့်မြိုင်ကအားလုံးကို ချုပ်ကိုင်ထားသည်။ ထို့ကြောင့် စိမ့်မြိုင်တွင် ပဏာမဆွေးနွေးပွဲလုပ်ရသည်။ စိမ့်မြိုင်မှတာဝန်ရှိသူ အသီးသီးကလည်း အားတက်သရော အကူအညီပေးကြမည်ဟု ကတိစကားပြောကြားကြသည်။ ဝမ်းသာစရာပင်။

သည်အတိုင်းသာဆိုလျှင် လုပ်ငန်းမြန်မြန် အကောင်အထည်ဖော်ရန်သာ  လိုတော့သည်။ အရေးအကြီးဆုံးမှာ လုံခြုံရေးပင်ဖြစ်သည်။ ယင်းအတွက် တာဝန်ရှိသူ စင်ရော်ဒေသ စစ်ဆင်ရေးမှူးက အတတ်နိုင်ဆုံး ကူညီမည်ဟု ဆိုသည်။ သည်လိုဆိုလျှင်ကား ဘာမျှခက်ခဲစရာမရှိ။

လေ့လာရေးအဖွဲ့သည် စိမ့်မြိုင်မှ စင်ရော်သို့ရောက်လာကြသည်။ မူလက ခြောက်ယောက်သာပါသော အဖွဲ့တွင် နောက်ထပ်လူသုံး၊ လေးယောက်တိုးလာသည်။

စိမ့်မြိုင်မှ တာဝန်ရှိသူတို့ ပါလာခြင်းပင်ဖြစ်သည်။

စင်ရော်ရောက်လျှင် တာဝန်ရှိသူတို့နှင့် ဆက်လက်ဆွေးနွေးပြန်သည်။ အားလုံးကပင် လိုသည့်အကူအညီကို အားတက်သရောပေးပါမည်ဟု ဆိုကြလေသည်။

သောင်းဒန်တို့အဖွဲ့သည် စင်ရော်တွင် တစ်ထောက်နားကာ နေ့လယ်ပိုင်းတွင် မော်တော်ကလေးများနှင့် စင်ရော်ချောင်းကို ဆန်တက်ခဲ့ကြသည်။ ကွေ့ကောက်စီးဆင်းနေသော ချောင်းအတိုင်း အထက်သို့ဆန်သည်။

သူတို့ တူရူတွင် စင်ရော်တောင်တန်းကြီးကိုမြင်ရသည်။

ညို့ညို့မှိုင်းမှိုင်း လွမ်းစရာပင်။ တစ်တောင်ပြီးတစ်တောင်ထပ်နေသည်။ တောင်ပေါင်းဆယ့်လေးငါးလုံးကျော်မိလျှင် အောင်နိုင်ပြည်ဘက်သို့ ရောက်သွားမည်။

စင်ရော်ချောင်းကား စင်ရော်တောင်တန်းတွင် အဖျားခံသည်။ ရေစီးမပြင်းထန်လှ။ သူတို့မော်တော်လေး အထက်သို့ဆန်နေစဉ်မှာပင် ချောင်းညာမှလှေကလေးများ၊ ပဲ့ချိတ်တပ် လောင်းလှေလေးများ စင်ရော်မြို့ဆီသို့ စုန်ဆင်းလာသည်ကိုတွေ့ရသည်။ ချောင်း၏တစ်ဖက်တစ်ချက်တွင်ကား ဓနိခြံများကို ထွက်စတွင် တွေ့ရသည်။

အထက်သို့ ရောက်လာသည့်အခါ ကွမ်းသီးခြံ၊ အုန်းခြံ၊ ဒူးရင်းခြံတို့ကို တွေ့ရသည်။

ကျွန်တော်တို့အဖို့တော့ မူလက သတ်မှတ်ထားတဲ့နေရာကိုပဲ ရွေးကြရဖို့ရှိတယ်

ကြည့်သေးတာပေါ့ ခင်ဗျာ ဟု သောင်းဒန်က မယုတ်မလွန်ပြောသည်။

ဟေး ဘယ်လိုလဲ သော်ကောင်း၊ မင်း ဘယ်လိုသဘောရသလဲ သောင်းဒန်က သော်ကောင်းကို တိုင်ပင်သည်။

ကြည့်သေးတာပေါ့ကွာ သော်ကောင်းလည်း ဘာမျှမပြောတတ်သေး။ မပြောချင်သေး။ သောင်းဒန်လိုပင် အခြေအနေကို စောင့်ကြည့်ချင်သည်။

စင်ရော်ချောင်းသည် ပေ ၄၀၀ မှသည် ၅၀၀ အထိကျယ်သည်။

ဆက်လက်ဖော်ပြပါမည်။

ကျော်အောင်