
ယမန်နေ့မှအဆက်
ယင်းမှာ ယခု သူတို့ဆန်တက်နေသည့် ချောင်းဆုံးပိုင်းဖြစ်သည်။ ပင်လယ်သို့ စီးဝင်သည်အထိ သည်အတိုင်းပင် ကျယ်သည်ဟု ပြောကြသည်။
“ဟောဒီခြံထိပ်မှာ ဆိုက်မယ်ဗျို့။ အဲဒီခြံရဲ့ နောက်က တောင်ကုန်းဟာ ခင်ဗျားတို့နေရာရဲ့ ထင်ရှားတဲ့ အမှတ်အသားတစ်ခုဖြစ်မှာပဲ”
ဘာတောင်ခေါ်သလဲဗျ
ဒီအရပ်ကတော့ ပြန်ပေးတောင်လို့ ခေါ်ကြတာပဲ စင်ရော် နလကဥက္ကဋ္ဌ၏ အဖြေဖြစ်သည်။
သောင်းဒန်သည် သော်ကောင်းကို လှည့်၍ ကြည့်လိုက်သည်။ မျက်လုံးလည်း ပြူးသွားသည်။ သော်ကောင်းလည်း မျက်လုံးပြူးသွားသည်။ မဟုတ်ပါဘူးဗျာ။ အရပ်က အလကားအပြောင်အပြက် နာမည်မှည့်ကြတာပါ။ အင်ကြင်းတောင်လို့
ခေါ်တာဗျ။ တွေ့လား၊ ဘုရားလေးတစ်ဆူ။ အဲဒါက အင်ကြင်းစေတီပေါ့
တောင်ကုန်းတွေ့လျှင် ဘုရားတည်သော မြန်မာ့ဓလေ့သည် ဤအရပ်အထိ ပျံ့နှံ့နေလေသည်။ တောင်ကုန်းကား ပေ ၃၀၀ ခန့်သာ မြင့်သည်။ ထိုတောင်ကုန်းမျိုး၊ သည့်ထက်မြင့်သော တောင်ကုန်းမျိုးအထပ်ထပ်ရှိသည်။ အရှေ့ဘက်ကြည့်လိုက်လျှင် တောင်ကုန်းအထပ်ထပ်သည် တစ်တောင်ပြီး တစ်တောင် ဆင့်နေသည်။
အစကတော့ အင်ကြင်းတောင်ခေါ်တာပေါ့ခင်ဗျာ။ နောက်တော့ ပြန်ပေးတောင်ဖြစ်လာတာပေါ့။
ဒီအရပ်က လူတွေကတော့ ပြန်ပေးတောင်ခေါ်ကြတာပဲ။ ဘယ်သူ့မေးလိုက်မေးလိုက် ပြန်ပေးတောင်လို့ ပြောတာပဲ နလကဥက္ကဋ္ဌ ဗိုလ်ဘကြိုင်က ထပ်၍ ဖြည့်စွက်လိုက်သည်။
လူကြီးများက ထိုစကားကို မကြားချင်ယောင်ဆောင်နေကြသည်။ သောင်းဒန်သည် ဗိုလ်ဘကြိုင်ကို ကြည့်ကာ ပြုံးလိုက်သည်။ ဗိုလ်ဘကြိုင်၏ စကားကို အသိအမှတ်ပြုလိုက်သည့်အပြုံးပင်ဖြစ်သည်။ သူနှင့်ဗိုလ်ဘကြိုင်တို့ မျက်မှန်းတန်းမိသွားကြသည်။
မော်တော်မှဆင်းကာ ကွမ်းသီးခြံတွင် နားကြသည်။ ကွမ်းသီးခြံပိုင်ရှင် အဘွားကြီးက စကားဝဲဝဲနှင့်ဧည့်ခံသည်။ ထို့နောက် သူတို့အဖွဲ့သည် တစ်ဖက်ကမ်းသို့ ကူးကြသည်။ သောင်းဒန်ကား မြေနေရာအကွက်အကွင်းများ ကြည့်ရှု မှတ်သားနေသည်။
သူ့စိတ်ကူးထဲတွင် လျာထားကြည့်နေသည်။
ဒီနေရာမှာ မြေစမ်းဖို့ပဲ လိုတော့တယ်။ မြေစမ်းပြီးရင် ဆောက်ဖို့ပဲ။ ချောင်းအကျယ်က ပေ ၄၀၀ ကျော်ရှိတယ် နေစမ်းပါဦး သောင်းဒန်ရ၊ ဒီနေရာ ဘယ်သူကကြိုက်တာလဲ
သော်ကောင်းက ရိုးရိုးမေးသည်။ သောင်းဒန်သည်သော်ကောင်းကို လက်ကုတ်ခေါ်ခဲ့သည်။ သူတို့နှစ်ယောက်သည် ကွမ်းသီးခြံတစ်နေရာတွင် ရပ်ကာ ကွမ်းသီးပင် အကြိုအကြားမှ အင်ကြင်းတောင်ကို မော့၍ကြည့်နေကြသည်။
ဒီလိုကွ၊ အဲဒီနေရာမှာ တံတားဆောက်ဖို့ စစ်မဖြစ်ခင်တုန်းက စိမ့်မြိုင်ကမ်းအရေးပိုင် မစ္စတာတေလာက ရွေးသွားတယ်ဆိုတာပဲ။ တေလာရွေးသွားတယ်ဆိုတာကို သူ့တပည့်ဖြစ်ဖူးတဲ့ လမ်းဗိုလ်တစ်ယောက်ကပြောတာပဲ။ အဲဒီလမ်းဗိုလ်က ဟိုတုန်းက တေလာလက်အောက်မှာ အလုပ်လုပ်ဖူးတယ်။ သံကြိုးကိုင် အလုပ်ကြပ်တို့က လမ်းဗိုလ်ဖြစ်တဲ့လူနေမှာပေါ့။ မြေပုံလေးဘာလေးလည်း ဆွဲတတ်တယ်နဲ့တူပါတယ်။ အခုထက်ထိ တို့ဌာနမှာရှိနေသေးတယ်။ မြေပုံလေး ဘာလေးဆွဲပြီးတော့ အစီရင်ခံ ဆိုပဲ
တေလာရွေးသွားတယ်ဆိုတာ ဘယ်သူပြောတာလဲ
သူပဲ ပြောတာပေါ့ကွာ။ စာနဲ့ပေနဲ့ အထောက်အထားတော့ ဘယ်ကျန်ရစ်မလဲ။ သူက တေလာနဲ့အတူ အလုပ်လုပ်ခဲ့တဲ့သူဆိုတော့ သူတစ်ယောက်ပဲ ပြောနိုင်တာပေါ့။ တေလာ ဘယ်လိုစိက်ကူးနဲ့ ရွေးခဲ့သလဲတော့ မသိဘူး။ ငါတော့ တယ် မကြိုက်လှဘူး နေရာလေးကတော့ မဆိုးပါဘူးကွာ။ သိပ်သာယာတာပဲ
သောင်းဒန်သည် သော်ကောင်းကို မျက်လုံးပြူး ကြည့်လိုက်သည်။
သာယာတာက တခြားပဲကွာ။ တို့ လုပ်ရမှာက သာယာတဲ့ ရှုခင်းထိုင်ကြည့်နေလို့ ပြီးမှာမဟုတ်ဘူး။
အဆက်အသွယ် အဆင်ပြေဖို့ အရေးကြီးတယ်
ဟော ဟိုနားမှာ ဖွေးဖွေး ဖွေးဖွေးနဲ့ ဘာလဲဟေ့
သောင်းဒန်။ ကျောက်ဆောင်တွေနဲ့ တူတယ်ကွ ဘယ်နားမှာလဲ သော်ကောင်း ညွှန်ပြသည့် ချောင်းညာဘက်ဆီသို့ သောင်းဒန်လှမ်း၍ ကြည့်သည်။ ဖြူဖြူဖွေးဖွေးတို့ကို ရေလယ်တွင် မြင်ရသည်။ ဘာမှန်းမသိ။
သဲသဲကွဲကွဲ မမြင်ရ။
နေရောင်ကြောင့် ရေပြင်မှာ လက်နေတာပါကွာ။
ဘာမှ မဟုတ်ပါဘူး
ညို့မှိုင်းသော တောင်တန်းဆီမှ ဝေ့ကာဝိုက်ကာ စီးဆင်းလာသော စင်ရော်ချောင်းလေးသည် အရှိန်မပြတ်ပင် စီးဆင်းနေသည်။ ချောင်းဖျားသို့ တက်သွားသော ပဲ့ချိတ်တပ် လောင်းလှေကလေးသည် ချောင်းကောက်တစ်နေရာတွင် ပျောက်သွားသည်။ တစ်ချက်တစ်ချက် မြည်သော စက်သံသာလျှင် ပဲ့တင်ထပ်၍ ကျန်ရစ်သည်။ ခဏကြာလျှင် စက်သံသည်လည်း တိမ်၍တိမ်၍သွားလေသည်။ တစ်ဖန်စက်သံတစ်ခုသည် တိမ်ရာမှ ကျယ်ကျယ်လာသည်။ ချောင်းဖျားမှ ပဲ့ချိတ်ကလေးတစ်စင်း စုန်ဆင်းလာပြန်ပြီ။ ဤချောင်းကို အမှီပြု၍ ကူးသန်းသွားလာနေသူတို့ကား မနည်းပင်ရှိသည်။ ယခု သူတို့ရောက်နေသောနေရာသည် လူသူဝေးရာလည်း မဟုတ်၊ လူသူနီးရာလည်း မဟုတ်။
ခုတော့ ငါ သူတို့ကို မပြောသေးဘူး။ ရန်ကုန်ပြန်ရောက်တော့ ပြောကြည့်ဦးမယ်။ တခြား ဘာမှမဟုတ်ပါဘူးကွာ၊ အဆက်အသွယ်ဝေးတာပါပဲ။ တို့မှာပစ္စည်းတွေ အများကြီးသယ်ရမယ်။ စက်တွေ အများကြီးသယ်ရမယ်။ အဲဒါက တာဝန်အင်မတန်ကြီးတာပဲ။
ပြီးတော့ အဲဒီလမ်းအရေးပိုင်တေလာ နေရာရွေးခဲ့တယ်ဆိုတာ အသေအချာ တိုင်းတာတွက်ချက်ပြီး ရွေးခဲ့တာလား။ သူ ရွေးခဲ့တဲ့နေရာမို့ တို့က ဆက်ပြီးရွေးရမယ်ဆိုတာတော့ မဟုတ်သေးဘူး။ သူ့စိတ်ကူးနဲ့တို့စိတ်ကူးက တခြားစီပဲ။ ဟိုတုန်းက သူတို့ အခြေအနေနဲ့ အခု တို့အခြေအနေက တခြားစီပဲ အေးကွာ၊ အင်္ဂလိပ်ဆိုရင် တယ်အထင်ကြီးတာပဲ။ အထင်မကြီးရဘူးလို့ ငါမပြောပါဘူး။ မင်း ပြောသလိုပဲ အသေအချာတိုင်းတာ မှတ်သားတွက်ချက်ပြီး ရွေးခဲ့တယ်ဆိုရင်တော့ ဟုတ်တာပေါ့
အေး၊ ရန်ကုန်ရောက်တော့ ပြောကြည့်ဦးမယ်။
မရကာမှ နေရောပေါ့ကွာ
ခု ပြောကြည့်ပါလားကွ
မရဘူးထင်တယ် သော်ကောင်း၊ ခုပြောလို့ မကောင်းသေးဘူး။ သူတို့က ဒီနေရာကို သိပ်ကြိုက်နေကြတာ။ အစွဲအလမ်းရှိနေတယ်။ ပြီးတော့ တို့ကလည်း နေရာရွေးတာမှာ ဘာမှ ပြောပိုင်ခွင့်ရှိတာ မဟုတ်ဘူး။ ရွေးပေးတဲ့နေရာမှာ တံတားဖြစ်အောင်ဆောက်ကြဖို့ဟာ တို့တာဝန်မဟုတ်လား
မပြောနိုင်ဘူးတော့ ဘယ်ဟုတ်မလဲကွာ။ ကိုယ်ကျိုး ကိုယ့်ကိစ္စအတွက် ပြောတာမှမဟုတ်ဘဲ အားလုံးအဆင်ပြေအောင် ပြောရတာပဲဟာ
အေးလေကွာ၊ ကြည့်ကြသေးတာပေါ့။ အခုတော့ မလိုလည်း လိုလည်း နေရာအကွက်အကွင်းကို သေသေချာချာကြည့်ခဲ့ဖို့ လိုတယ်။ ငါတော့ ဟောဒီစင်ရော်ဘက်ကမ်းမှာ တို့စခန်းဆောက်ရမလားလို့ စိတ်ကူးတာပဲ
ကောင်းသားပဲကွ၊ ဒါမှ စင်ရော်နဲ့ ချောင်းမဖြတ်ရဘဲ သွားနိုင်လာနိုင်မှာပေါ့။ စင်ရော်နဲ့ ချောင်းဖျားဥသြရွာသွားတဲ့ လှည်းလမ်းရှိတယ် ပြောတယ်ကွ
အေးကွာ၊ နောက်မှ စဉ်းစားကြတာပေါ့
ကဲ ကဲ ဟုတ်ပြီနော်၊ သွားကြမယ်။ ဦးသောင်းဒန်တို့လည်း စခန်းအတွက် နေရာအကွက်အကွင်းလေးများ ကြည့်ထားကြ ဟုတ်ကဲ့ခင်ဗျ၊ ကိစ္စမရှိပါဘူး။ ကျွန်တော် နောက်တစ်ခေါက် ထပ်ပြီးလာရဦးမှာပါ။ ဒီတစ်ခေါက်တည်းနဲ့ မပြီးသေးပါဘူး။ ကျွန်တော်တော့ နလကဥက္ကဋ္ဌကြီးပဲ အားကိုးရမှာပဲခင်ဗျာ
ဟာ သူ့အားကိုးလို့တော့ ဘိုင်ကျ သွားမှာပေါ့
ဗျာ။ သူကိုယ်တိုင်ကပဲ ဗိုလ်ဘကြိုင်၊ ဗိုလ်ဘိုင်ကျဖြစ်နေတာ
ဟဲ ဟဲ၊ အားကိုးနိုင်ပါတယ်။ ဟုတ်ပါ့ခင်ဗျာ။
မေမေက ဘာလို့ ဒီနာမည်များ မှည့်ထားတယ် မသိပါဘူး
သူတို့အဖွဲ့ စင်ရော်မှ ပြန်ခဲ့ကြသည်။ ထိုအချိန်သည် ဆောင်းအကုန် နွေဦးပေါက်ဖြစ်သည်။ ရန်ကုန်ပြန်ရောက် ကြပြီးနောက် စင်ရော်ချောင်းတံတား ဆောက်မည့်နေရာသို့ မြေစမ်းအဖွဲ့ လွှတ်လိုက်သည်။ အားလုံးအဆင်ပြေသည်။ ဘာမှအခက်အခဲတွေ့စရာမရှိ။
ထိုနေရာတွင် သဲနှင့်ကျောက်စရစ်သာရှိသည်ဟု အစီရင်ခံသည်။ သက်ဆိုင်ရာ ပုံစံထုတ်အဖွဲ့က တံတားပုံစံထုတ်သည်။ ပြီးလျှင် ပုံဆွဲကြသည်။
ဟေ့ ဘယ်လိုလဲ။ မင်း ဘာမှမပြောဘူးလား
တစ်ညနေတွင် သော်ကောင်းသည် သောင်းဒန်အိမ်သို့ ရောက်လာသည်။ မထိုင်ရသေးမီပင် တံတားအကြောင်း မေးသည်။
ငါလည်း ပြောတာပဲ သော်ကောင်း။ ပြောလို့မရဘူး။ ဒီနေရာပဲကြိုက်နေကြတယ်။ အခုတော့ မြေစမ်းအဖွဲ့လည်း လွှတ်ပြီးပြီ။ ပုံစံတွေတောင် ထုတ်နေပြီ။
ဘာမှမတတ်နိုင်တော့ဘူး။ သူတို့ ဆောက်ခိုင်းတဲ့ နေရာဆောက်ရတော့မှာပဲ
ဆက်လက်ဖော်ပြပါမည်။
ကျော်အောင်