နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၅)ဖွဲ့ (ALP ၊ DKBA ၊ KNU/ KNLA-PC ၊ LDU ၊ PNLO) ၏ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး
နေပြည်တော် ဇွန် ၂၆
နိုင်ငံတော်၏ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် PPST အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့ (ALP ၊ DKBA ၊ KNU/KNLA-PC ၊ LDU ၊ PNLO) တို့၏ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ALP ၊ DKBA ၊ KNU/ KNLA-PC ၊ LDU ၊ PNLO အဖွဲ့တို့မှ ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့များကို ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။
ထို့နောက် တွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးမည့် အစီအစဉ်၊ အကြောင်းအရာများကို ဆွေးနွေးညှိနှိုင်းကြပြီး နှစ်ဖက်ညှိနှိုင်းရရှိသည့် ဆွေးနွေးပွဲ အစီအစဉ်များအတိုင်း တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်နှင့် ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)မှ ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်((DKBA)မှ စစ်ရေးချုပ်အဆင့်ရှိ စောစိန်ဝင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) ဒုတိယ ဥက္ကဋ္ဌကျာဖူး၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ဦးဆောင်နာယက ဖြားတန် ခွန်ဥက္ကာတို့ ဦးဆောင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တက်ရောက်လာကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၅) ဖွဲ့ကိုယ်စား ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဦးဆောင်နာယက ဖြားတန်ခွန်ဥက္ကာတို့က နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားကြသည်။
ထို့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ခုနှစ်)မှ ပြင်ဆင်လိုသော အချက်များ၊ ယခင် ဆွေးနွေးပွဲများ၌ သဘောတူထားသည့် အချက်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိစ္စ၊ ငြိမ်းချမ်းရေး ညီလာခံကျင်းပရေးကိစ္စ၊ ဒေသတည်ငြိမ်ရေး ကိစ္စနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စတို့ကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားခဲ့သည်။ ဆွေးနွေးပွဲ ဒုတိယနေ့ကို ဇွန် ၂၇ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။