ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA)သည် မြန်မာ့သမိုင်း၌ အစဉ်အလာကြီးမားသော အသင်းကြီး ဖြစ်ပါသည်။
၁၉၀၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၁၁၄ နှစ်တိုင်အောင် တည်တံ့ခိုင်မြဲနေသော အမျိုးသားရေးအသင်းကြီး ဖြစ်သကဲ့သို့ ပထမဦးဆုံးပေါ်ပေါက်ခဲ့သော အသင်းကြီးလည်း ဖြစ်ပါသည်။
အသင်းကြီးသည် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် အချိန်မှစတင်၍ ယနေ့အချိန်အထိ ခေတ်စနစ်ပြောင်းလဲခြင်း အမျိုးမျိုးကို ကျော်ဖြတ်လာခဲ့သည့် တစ်ခုတည်းသော ဝံသာနုအမျိုးသားရေး အသင်းကြီးဖြစ်ပါသည်။ အသင်းကြီးစတင်ဖွဲ့စည်းစဉ်က ရည်ရွယ်ချက်သည် “အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကြီးပွားတိုးမြှင့်ရေး”ဖြစ်ပြီး ကြွေးကြော်ချက်သည် “အမျိုးကိုချစ်ပါ၊ ဘာသာကိုလေးစားပါ၊ သာသနာကိုချီးမြှင့်ပါ၊ ပညာရေးကိုအားပေးပါ”ဟူ၍ ဖြစ်ပါသည်။ မူလကချမှတ်ခဲ့သည့် ရည်ရွယ်ချက်၊ ကြွေးကြော်ချက်များကို ယနေ့ထိတိုင် မပျောက်ပျက်စေဘဲ နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးစီးပွားများ၊ လိုအပ်ချက်များကို ခေတ်စနစ်နှင့်အညီ မှန်ကန်စွာဖြည့်ဆည်း ဆောင်ရွက်လျက်ရှိပါသည်။
ဗုဒ္ဓဘာသာဝင်သူတော်စင် များအနေဖြင့် နံနက်မိုးသောက်အလင်းရောက်သည်နှင့် မင်္ဂလာရှိလိုကြပြီး မင်္ဂလာတရားကိုလွန်စွာ တန်ဖိုးထားကြပါသည်။ မင်္ဂလာနှင့် ပတ်သက်ပြီး ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သည့် မင်္ဂလသုတ်တရားတော်ပါ “ပူဇာစပူဇနေယျာနံ” ပူဇော်သင့်ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည်လည်း မင်္ဂလာတစ်ပါးပင် ဖြစ်ပါသည်။ ပူဇော်သင့်ပူဇော်ထိုက်သူကို ပူဇော်ခြင်းဆိုရာတွင် ဗုဒ္ဓဘာသာဝင် သူတော်စင်များအနေဖြင့် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးအပြင် လေးစားသင့်လေးစားထိုက်သူ၊ လေးစားမြတ်နိုးထိုက်သည့် ဂုဏ်ရှိသူ၊ အကျင့်သီလကောင်းမွန်ပြီး မိမိထက်အသက်အရွယ်ကြီးသူ၊ ဂုဏ်ဝါကြီးသူများအား ပူဇော်ခြင်းကို ဆိုလိုပါသည်။
ပူဇော်သည်ဆိုရာတွင်လည်း “ဣမာယဓမ္မာနု ဓမ္မပဋိပတ္တိယာ ဗုဒ္ဓံပူဇေမိ” ဆိုသည့်အတိုင်း ကျင့်ဝတ်ပဋိပတ်ဖြင့် ပူဇော်ခြင်း၊ ပစ္စည်းပစ္စယဆွမ်းတို့ဖြင့်ပူဇော်ခြင်း၊ ဝေယျာဝစ္စတာဝန်ဖြင့် ပူဇော်ခြင်း စသည်ဖြင့် အမျိုးအစားသုံးမျိုး ရှိပါသည်။
ဆွမ်းတော်ကြီးတင် လှူပွဲသည် ဗုဒ္ဓဘာသာထုံးတမ်း အစဉ်အလာအရ ကျင်းပပြုလုပ်သည့် ကုသိုလ်ကောင်းမှုပွဲ တစ်ခုဖြစ်ပြီး ဘုရားအမှူးပြုသည့် သံဃာတော်များကို ပင့်ဖိတ်၍ ဆွမ်းဆက်ကပ်ခြင်း၊ ရဟန်းအသုံးအဆောင် ပစ္စည်းလေးပါးပရိက္ခရာတို့ကို လောင်းလှူသည့်ပွဲ ဖြစ်ပါသည်။
ဆွမ်းတော်ကြီးတင်လှူပွဲသည် ဘုရားရှင်လက်ထက် သာဝတ္ထိပြည်ရှိ ပသေနဒီကောသလမင်းကြီးမှ စတင်လှူဒါန်း ခဲ့သည့် အလှူဖြစ်ပါသည်။ ဆွမ်းလှူရခြင်း အကျိုးသည် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်း စသည့်အကျိုး ၅ ပါးသာမက ဒါန၏သဘောအရထားရှိသည့် စေတနာအပေါ်မူတည်ပြီး ကြီးကျယ်မြင့်မြတ်သော အကျိုးကိုရရှိမည် ဖြစ်ပါသည်။
ဗုဒ္ဓဘာသာ၏အသက်သည် သာသနာတော်ကို စောင့်ရှောက်လျက်ရှိသော အကျင့်သိက္ခာဝိနည်းနှင့်ပြည့်စုံသည့် သံဃာတော်များပင်ဖြစ်ပါသည်။ ထို့ကြောင့် သံဃာတော်များ သာသနာတော်ကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်ရန် အတွက် လိုအပ်သည့်ဆွမ်း စသည့်အာဟာရများကို ထောက်ပံ့လှူဒါန်းနိုင်ရန် မိမိတို့ ဒါယကာ၊ ဒါယိကာမများ၏ တာဝန်ပင်ဖြစ်ပါသည်။ ထို့ကြောင့်လည်း ဝိုင်အမ်ဘီအေအသင်းကြီးက ၎င်းလိုအပ်ချက်များကို တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးလျက် ရှိသည်မှာနှစ်ကာလကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။
သီတင်းကျွတ်ရာသီကာလတွင် ဗုဒ္ဓဘာသာဝင်များသည် မိဘ၊ ဆရာသမား များနှင့် အသက်အရွယ်ကြီးရင့်သော လူကြီးသူမများကို ရိုသေသမှုပြုပြီး လှည့်လည်ကန်တော့သည့် မြန်မာ့ဓလေ့ရှိပါသည်။ အဖွဲ့အစည်းအလိုက်လည်း စုပေါင်းကန်တော့သည်များလည်းရှိကြပြီး ၎င်းကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် တစ်ဦးနှင့်တစ်ဦးအကြား၊ အဖွဲ့အစည်း အတွင်း နွေးထွေးမှုနှင့် မိသားစုဆန်သည့် တရင်းတနှီးရှိသော ရိုးရာဓလေ့ပင်ဖြစ်ပါသည်။ YMBA အသင်းကြီးတွင်လည်း ၁၉၄၇ ခုနှစ်မှစ၍ အသင်းတည်ထောင်ခဲ့သူများ၊ တာဝန်ထမ်းဆောင်ခဲ့ကြသည့် နာယကကြီးများအား ၂ နှစ်တစ်ကြိမ်ပြုလုပ်သည့် အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ပွဲ သီတင်းကျွတ်လ အခါသမယတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့နှင့်အညီ ဂါရဝပြုကန်တော့ခြင်းနှင့် သြဝါဒနာယူခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်မှာ ကောင်းမြတ်သော အစဉ်အလာတစ်ရပ်ပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင်တိုင်းရင်းသား အများစု စုစည်း နေထိုင်ရာနိုင်ငံဖြစ်ပါသည်။ ဘာသာရေးသည် လူသားများအား ယဉ်ကျေးအောင် သင်ကြားပေးနိုင်သော စွမ်းအားစုကြီးပင် ဖြစ်ပါသည်။ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်း အမျိုးသားရေးစရိုက်လက္ခဏာတို့သည် ဗုဒ္ဓဘာသာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများမှ ဆင်းသက်လာသည်မှာ သမိုင်းစဉ်ဆက်ရှိခဲ့သည့် အမှန်တရားပင် ဖြစ်ပါသည်။ ဘာသာရေးသည် နိုင်ငံနှင့်လူမျိုး၏ ယဉ်ကျေးမှုလက္ခဏာကို ဖော်ဆောင်လျက်ရှိပေရာ ယဉ်ကျေးမှုသည် လူမျိုး၏အသက်ဟုဆိုလျှင် ဘာသာရေးသည်လည်း လူမျိုး၏နှလုံးသားဟု ဆိုရပေမည်။ ယနေ့အခမ်းအနားတွင် ပြုလုပ်သည့် ၁၉၄၇ ခုနှစ်တွင် အသင်းတည်ထောင်ခဲ့သူ ပုဂ္ဂိုလ်ကြီး ၃ ဦး၊ ခေတ်အဆက်ဆက် နာယကကြီး ၅ ဦးနှင့် နာယကကြီးများကို ကန်တော့ခြင်း၊ နာယကကြီးများ၏ ဆုံးမသြဝါဒကိုခံယူခြင်းတို့သည် ဘာသာရေးကို အခြေခံ၍ ဆက်စပ်ဖြစ်ပေါ်လာသည့် ယဉ်ကျေးမှုအကြောင်းတရားများ ဖြစ်သည့်အတွက် ဂုဏ်ယူဖွယ်ကောင်းသည့်အပြင် နောင်အရှည်တည်တံ့အောင်လည်း ဆောင်ရွက်ရမည် ဖြစ်ပါသည်။
ယနေ့အချိန်အခါသည် ဗုဒ္ဓယဉ်ကျေးမှု မင်္ဂလာတရားတော်များ ပြန့်ပွားလာရေးကို လူတိုင်းကိုယ်စီ အလေးထားသင့်ပါသည်။
“တိုးတက်ကြီးပွား၊ စီးပွားမြော်ကာ၊ နောင်ခါနောင်ရေး၊ မြော်တွေး၍သာ၊ တစ်ခုတတ်က၊ လူ့ရပ်နယ်မှာ၊ တန်ခိုးထွက်၊ တိုးတက်မင်္ဂလာ” ဟူသော မင်္ဂလာတရားတော်များသည် ဗုဒ္ဓယဉ်ကျေးမှုမှ သန္ဓေတည်ပေါက်ဖွားလာသော မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းများ ဖြစ်သဖြင့် တန်ဖိုးထား ထိန်းသိမ်းရမည် ဖြစ်ပါသည်။
ဝိုင်အမ်ဘီအေအသင်းကြီးသည် သူ့ကျွန်ဘဝကျရောက်ချိန်၊ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတစ်လျှောက်မှစတင်၍ ယနေ့အချိန်အထိ အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ရင်း နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးကို သယ်ပိုးဆောင်ရွက်လျက်ရှိပါသည်။ မြန်မာ့သမိုင်းတွင် အစဉ်အလာကောင်းများဖြင့် ပေါ်ထွန်းလာခဲ့သည့် ဝိုင်အမ်ဘီအေ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီးသည် နိုင်ငံနှင့်လူမျိုးအတွက် ခေတ်အဆက်ဆက် သမိုင်းပေးတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါသည်။ ယနေ့အချိန်၌လည်း အမျိုး၊ ဘာသာ၊ သာသနာနှင့် ပညာဆိုင်ရာ လုပ်ငန်းများတွင် များစွာသော လုံ့လ၊ ဝီရိယစိုက်ထုတ်ပြီး ဆောင်ရွက်ရန် လိုအပ်နေချိန် ဖြစ်ပါသည်။ ယနေ့ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ပကတိလိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တည်ဆောက်နိုင်ရန်အတွက် သမိုင်းအစဉ်အလာ ကြီးမားသည့် အသင်းကြီး၏ ကောင်းမြတ်သော အစဉ်အလာများကို ထိန်းသိမ်းပြီး ကျရာအခန်းကဏ္ဍမှ ရည်ရွယ်ချက်မပျောက်ပျက်ဘဲ နိုင်ငံ့အကျိုး၊ ဘာသာ၊ သာသနာအကျိုးကို ဆတက်
ထမ်းပိုးပါဝင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း သဝဏ်လွှာပေးပို့အပ်ပါသည်။
နာယက
အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ
ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်