ထိုင်းနိုင်ငံ၊ Bang Kwang အကျဉ်းထောင်တွင် အကျဉ်းကျ ခံထားရသည့် ဝင်းဇော်ထွန်း နှင့် ဇော်လင်း တို့နှစ်ဦး၏ လိုအပ်သည်များကို တပ်မတော်မှ တတ်နိုင်သရွေ့ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်

နေပြည်တော်၊ နိုဝင်ဘာ - ၆

 

          တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၄ ရက် မွန်းလွဲပိုင်းတွင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi အား Video Teleconference(VTC) မှတစ်ဆင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

 

          ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုင်းနိုင်ငံ၊ Bang Kwang အကျဉ်းထောင်တွင် အကျဉ်းကျ ခံလျက်ရှိသော မြန်မာနိုင်ငံသားရွှေ့ပြောင်း အလုပ်သမား ဝင်းဇော်ထွန်း(ခေါ်) ဝေဖြိုးနှင့် ဇော်လင်းတို့နှစ်ဦး၏ ကျန်းမာရေး အခြေအနေများ၊ နေထိုင်စားသောက်မှုအခြေအနေများကို မေးမြန်းခဲ့ရာ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့နှစ်ဦးတို့အတွက် မြန်မာ့တပ်မတော်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ထိုင်းနိုင်ငံခရီးစဉ်များ၌ မေတ္တာရပ်ခံချက်၊ တရားဝင်စာရေးသား ပေးပို့ခဲ့သည့် မေတ္တာရပ်ခံချက်များ အပါအဝင် အခြားမေတ္တာရပ်ခံချက်များကြောင့် ထိုင်းဘုရင်မင်းမြတ်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် သေဒဏ် ကျခံနေရသည့် ပြစ်ဒဏ်မှ လျော့ချပေးနိုင်ခဲ့သည့် အခြေအနေများကို ပြန်လည်ပြောကြားခဲ့ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ၎င်းတို့နှစ်ဦး၏ နေထိုင်စားသောက်မှု၊ ကျန်းမာရေးနှင့် အခြားလိုအပ်ချက်များကို ကူညီဆောင်ရွက် ပေးနိုင်ရေး မေတ္တာရပ်ခံခဲ့သည်။

 

          ထိုသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မေတ္တာရပ်ခံချက်အရ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ စီစဉ်မှုဖြင့် နိုဝင်ဘာလ ၅ ရက်တွင် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့နှစ်ဦးအား ရိုက်ကူးထားသည့် ဗွီဒီယိုဖိုင်နှစ်ခုကို မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ရုံးမှတစ်ဆင့် ပေးပို့လာခဲ့သည်။ အဆိုပါ ဗွီဒီယိုဖိုင်မှတ်တမ်းများအရ ၎င်းတို့နှစ်ဦးသည် မိဘများထံ စာရေးသား၍ ဆက်သွယ်ခဲ့သော်လည်း ပြန်စာရောက်ရှိလာခြင်းမရှိဘဲ အဆက်အသွယ်မရသည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း၊ လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် COVID-19  ရောဂါကူးစက်ဖြစ်ပွားမှု မြင့်မားနေသည်ဟု သိရှိရသဖြင့် မိဘများ၏ ကျန်းမာရေးကိုလည်း စိုးရိမ်မိပါကြောင်း၊  အကျဉ်းကျခံနေရစဉ် အတွင်းလေ့လာရန် မြန်မာစာအုပ်များနှင့် အင်္ဂလိပ်စာစာအုပ်များကို ပို့ပေးစေလိုပါကြောင်း၊ အကျဉ်းထောင်အတွင်း နေထိုင်ရသည်မှာ အတိုင်းအတာတစ်ခုအထိ အဆင်ပြေမှုရှိသော်လည်း မြန်မာနိုင်ငံရှိ အကျဉ်းထောင်သို့ ပြောင်းရွှေ့ခွင့်ရပါက မိဘဆွေမျိုးများနှင့် တွေ့ဆုံနိုင်မည် ဖြစ်ပါကြောင်းနှင့် ယခုကဲ့သို့ မိမိတို့၏လိုအပ်ချက်များကို လာရောက်မေးမြန်း ပေးသည့်အတွက် တာဝန်ရှိသူများကို ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။

 

          တပ်မတော်အနေဖြင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ၊ ထိုင်းဘုရင့်တပ်မတော်မှ တာဝန်ရှိသူများနှင့် ဆက်သွယ် ညှိနှိုင်း၍  မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးမှတစ်ဆင့် ၎င်းတို့နှစ်ဦး၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်ချက်များကို တတ်နိုင်သရွေ့ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။