ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ ဒသမအကြိမ် မဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ - ၇

   

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ ဒသမအကြိမ် မဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။   

   

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သြဝါဒါစရိယ ဈေးကုန်းကျောင်းတိုက် ပဓာန နာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကဝိသာရ အမှူးပြုသော သံဃာတော် ၂၇ ပါး <ကရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ တို့နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊ လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်     ဇနီးများ တက်ရောက်ကြသည်။

   

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် ဧည့်ပရိသတ်များသည် ဘုန်းတော် ကြီးကျောင်းအသီးသီးသို့ လှူဒါန်းရန် ခင်းကျင်းထားသည့် ကထိန်လျာသင်္ကန်း၊ လှူဖွယ် ပစ္စည်းများနှင့် ပဒေသာပင်များအား လှည့်လည် ကြည့်ရှုကြသည်။

    ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က အနော်ရထာခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဆီမီး၊ သောက်တော်ရေချမ်း၊ သစ်သီးနှင့် မြသပိတ် ဆွမ်းတို့ကို ကပ်လှူပူဇော်ကြသည်။

   

အစီအစဉ်အရ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ဇေယျာသီရိမြို့နယ်၊ သံဃနာယက အဖွဲ့(ရွှေကျင်)ဥက္ကဌ၊ ရေဆင်းကန်ဦးကျောင်းတိုက် ပဓာနနာယက မဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တဝိလာသ ထံမှ  ကိုးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်ကြီးများ ရွတ်ပွား ချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြသည်။

   

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က ဈေးကုန်းကျောင်းတိုက် ဆရာတော်ကြီးထံ ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

   

ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့က ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဋ္ဌိတက္ကသိုလ် ကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံသို့ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊  ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အရာရှိကြီးများနှင့် ဇနီးများက သံဃာတော်အရှင်သူမြတ်တို့ထံ ကထိန် သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ အသီးသီး ဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် ရေဆင်းကန်ဦးကျောင်းတိုက်မှ ဂဏဝါစက စာချဆရာတော်များ ဖြစ်ကြသည့် အရှင်ဝါယမနှင့် အရှင်ဇဝနတို့က ကထိန် အမေးအဖြေများကို ဆောင်ရွက်တော်မူကြ သည်။

   

ယင်းနောက် ပျဉ်းမနားမြို့၊ ပါဋ္ဌိတက္ကသိုလ်ကျောင်းတိုက် ဆရာတော်ကြီးထံမှ ကထိန်အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှ ပေးဝေကြကာ  ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

   

ယနေ့ကျင်းပပြုလုပ်သော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)မိသားစုများ၏ ဒသမအကြိမ် မိသားစု မဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားတွင် ရုံး/ဌာန အသီးသီးမှ ပဒေသာပင်စုစုပေါင်း ၈၃ ပင်၊ တန်ဖိုးငွေကျပ်သိန်း ၁၂၉၀ ကျော်ပါဝင် လှူဒါန်းခဲ့ကြကာ သက်ဆိုင်ရာဘုန်းတော်ကြီးကျောင်း အသီးသီးသို့ ရုံး၊ ဌာနများအလိုက် မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။