မိုင်းရယ်မြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင် ၃ ရက်နံနက်ပိုင်းတွင် မိုင်းရယ်-နားဗျိုင်းရွာသွားလမ်းဘေးဝဲ/ယာ၌ ကျင်းပသည်။
ရှေးဦးစွာ မိုင်းရယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့်တာဝန်ရှိသူများက သစ်ပင် စိုက်ပျိုးပွဲသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများကို ပျိုးပင်များ ပေးအပ်သည်။
ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက သတ်မှတ်နေရာအသီးသီးတွင် ပျိုးပင်များကို စိုက်ပျိုးကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် မိုင်းရယ်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုစုပေါင်း ၂၅၀ ဦး တက်ရောက်ကြပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်မှုရှိစေရန်၊ သစ်တောသယံဇာတရေရှည်တည်တံ့စေရန်၊ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းရန်၊ သစ်တောထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ ဒေသနှင့်ကိုက်ညီသော ပန်းဝါ၊ မဲဇလီ၊ ယမနေ စသည့်ပျိုးပင်ပေါင်း ၆၀၀ ကို စုပေါင်းစိုက်ပျိုးကြကြောင်းသိရသည်။
ကျော်ဇောဦး(မောရှမ်းမြေ)