ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၅၈၁)ကြိမ်မြောက် ထုတိအနုမောဒနာဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ
ရန်ကုန် ဇူလိုင် ၄
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့် အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၈၁)ကြိမ်မြောက် ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့်လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင်တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး အလှူရှင်များက အလှူတော်ငွေများ ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးသောင်းဝင်းနှင့် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များက လက်ခံရယူပြီး ထုတိအနုမောဒနာဂုဏ်ပြုမှတ်လွှာများ ပြန်လည်ပေးအပ်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ သာသနဓဇဓမ္မာစရိယ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် လှိုင်ရတနာပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တကဉ္စနထံမှ အခမ်းအနားသို့ တက်ရောက်လာကြသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချ အနုမောဒနာတရားနာယူကြသည်။
ယနေ့ကျင်းပသော အလှူငွေပေးအပ်လှူဒါန်းပွဲ၌ ရွှေသင်္ကန်းတော်၊ ရွှေပြားအလှူရှင် ၃၈ ဦးက ရွှေပြားအချပ် ၅၉ ချပ် လှူဒါန်းခဲ့ပြီး ငွေသားအလှူရှင် ၅၆ ဦး အပါအဝင် လှူဒါန်းငွေစုစုပေါင်း ငွေကျပ် ၁၄၀၃၉၅၄၄၀၄ ဖြစ်ကြောင်း သိရသည်။