တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ထူးချွန်ကျောင်းသားများအား ဂုဏ်ပြုချီးမြှင့်၊ ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်
နေပြည်တော် ဇူလိုင် ၄
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ထူးချွန် ကျောင်းသားများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဲနညါ ဏ့ညေါ နော်တောင်က ခေတ်မီဖွံ့ဖြိုးတိုးတက်သောဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုအရည်အသွေး၊ စွမ်းရည်များနှင့် ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်နိုင်ရန် ဦးတည်ကြိုးပမ်းလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးကို အစွမ်းကုန်ကြိုးစား ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကြစေလိုကြောင်း၊ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် တိုးတက်ပြောင်းလဲနေသည့် အတတ်ပညာ၊ နည်းပညာသစ်များနှင့် ရင်ပေါင်တန်းနိုင်ရန် အစဉ်ကြိုးစားပြီး အမှားအမှန်ကိုဝေဖန်ပိုင်းခြား သုံးသပ်နိုင်သော တိုင်းပြည်ကို အကျိုးပြုမည့် သားကောင်းရတနာ သမီးကောင်းရတနာများ ဖြစ်စေရေး ကြိုးစားအားထုတ်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က မိမိတို့သင်ကြားတတ်မြောက်ထားသည့် ပညာပေါ်တွင် သတိ၊ သမာဓိ၊ သီလ၊ သဒ္ဓါ၊ ဝီရိယများထား၍ နိုင်ငံတော်ကို အကျိုးပြုသည့် နိုင်ငံ့သားကောင်း သမီးကောင်းများဖြစ်အောင် လေ့လာကြိုးစားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ၄ ဘာသာဂုဏ်ထူး ရရှိသော ထူးချွန်ကျောင်းသားများကို ဂုဏ်ပြုချီးမြှင့်ပြီး ပြည်ထောင်စုဝန်ကြီးရုံးမှ ဝန်ထမ်းများ၏ သားသမီး အခြေခံပညာကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနများမှ ဝန်ထမ်းများ၏ သားသမီး အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများကို လည်းကောင်း ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်သည်။